တောင်ငူမှာ ရွာ သုံးဆယ်ကျော် ရေနစ်မြုပ်ပြီး အရေးပေါ်အကူအညီ လိုအပ်နေ

တောင်ငူမြို့ နယ်ထဲက ရွာတန်းရှည်၊ ပိတောက်ကုန်း၊ သဖန်းပင်၊ ကြို့ကုန်း စတဲ့ရွာတွေအပါအဝင် ရွာပေါင်း သုံးဆယ်ကျော်က အိမ်တွေရေနစ်မြုပ်ပြီး ရေဘေးဒုက္ခကြုံနေရပါတယ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ဇေယျသေနတောရ ရွှေဒိုးတန်း ဘိုးဘွားရိပ်သာကျောင်းတွင် ခိုလှုံနေကြသည့် ရေဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ နေ့က တွေ့ရစဉ်။ ဘိုးဘွားရိပ်သာကျောင်းဆရာတော်ဦးကုသလ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ရွာပေါင်း သုံးဆယ်ကျော် ရေကြီးရေလျှံမှုဖြစ်နေပြီး စစ်တောင်မြစ်အနီး အနိမ့်ပိုင်းရွာတွေမှာ နေအိမ်ရေနစ်မြုပ်တဲ့အထိ ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

တောင်ငူမြို့ နယ်ထဲက ရွာတန်းရှည်၊ ပိတောက်ကုန်း၊ သဖန်းပင်၊ ကြို့ကုန်း စတဲ့ရွာတွေအပါအဝင် ရွာပေါင်း သုံးဆယ်ကျော်က အိမ်တွေရေနစ်မြုပ်ပြီး ရေဘေးဒုက္ခကြုံနေရတယ်လို့ ဆိုပါတယ်။

တောင်ငူမြို့ ရေဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးကတော့ ရေဘေးကယ်ဆယ်ရေးမှာ အခက်အခဲဖြစ်နေတယ်လို့ RFA ကိုပြောပါတယ်။

"ကာထားတဲ့ တာတမံနှစ်ခုလောက်ကလည်း ကျိုးသွားတယ်ကြားတယ်။ သစ်ပင်တွေလဲတယ်။ ရေစီးတွေကလည်း ကြမ်းတယ်။ ဒါကြောင့် လိုအပ်တဲ့အကူအညီနဲ့ ကူညီပေးနိုင်တဲ့သူက မမျှတဘူး။ မလောက်ငဘူးဖြစ်နေတာ။ အခု အကူအညီလိုနေတဲ့ ရွာပေါင်း သုံးဆယ်ကျော်လောက်ရှိနေတယ်”

စက်တင်ဘာလ ၁၂ ရက် မနေ့ည နှစ်နာရီကျော်အချိန်မှာ စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်နဲ့နီးတဲ့ရွာတွေ ရေနစ်မြုပ်နေပြီး အခုထိ ဘေးလွတ်ရာကို မသွားနိုင်သေးဘဲ ပိတ်မိနေသူတစ်ချို့လည်း ရှိနေသေးတယ်လို့ ပဒဲရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ပဲခူးတိုင်းထဲမှာ ဆွာ၊ ရေတာရှည်၊ ရေနီ၊ တောင်ငူ၊ ရွှေတောင် အပါအဝင် မြို့နယ် ဆယ်ခုထက်မနည်း ရေကြီးနစ်မြုပ်မှုတွေ ကြုံနေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရေတာရှည်မြို့နယ် ဇေယျသေနတောရ ရွှေဒိုးတန်း ဘိုးဘွားရိပ်သာကျောင်း ဆရာတော် ဦးကုသလကလည်း သူ့ကျောင်းမှာ ရေဘေးဒုက္ခသည်တွေလက်ခံ ကူညီပေးထားတယ်လို့ RFA ကို မိန့်ကြားပါတယ်။

"ရွာပေါင်း ခြောက်ရွာလောက်က ရေဘေးဒုက္ခသည် သုံးရာကျော်လောက်ကို ဦးပဉ္စင်းတို့ကျောင်းမှာ လက်ခံထားတယ်။ ပိတ်မိနေတဲ့ရွာ တွေလည်းရှိသေးတယ်။ ကူညီကယ်ဆယ်ရေးတွေမသွားနိုင်သေးလို့၊ သွားကူတဲ့ အဖွဲ့တွေကိုပြောထားပါတယ်၊ ဦးပဉ္စင်းကျောင်းမှာ လာပို့ထားပါလို့"

ရေတာရှည်မြို့နယ်ထဲက ဒိုးတန်း၊ နောင်ဘို၊ သာယာကုန်း၊ ကွမ်းအုံ၊ ဝမ်းဝကြီးနဲ့ သစ်ချဆိပ်ရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကို မသွားနိုင်ဘဲ ပိတ်မိနေကြတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၃ ရက် ဒီနေ့ မနက်ကစပြီး တောင်ငူမြို့၊ ရန်ကုန် - မန္တလေးလမ်းမကြီးပေါ်အထိ ရေတွေရောက်လာပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပဲခူးတိုင်းက ရေဘေးဒုက္ခ ကြုံနေရတဲ့အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

စစ်တောင်းမြစ်ရေ မြင့်တက်နေတဲ့အတွက် တောင်ငူမှာ ရေလျော့ကျသွာဖို့ မရှိသေးကြောင်း ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ညွန်းကြားရေးမှူးဖြစ်သူ ဦးကောင်းမြတ်သိန်းက ဒီကနေ့ စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ပြောထားပါတယ်။

RFA ရဲ့ စာရင်းတွေအရ စက်တင်ဘာလ ၉ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တွေမှာ သေဆုံးသူ ၆၁ ဦးအထိရှိလာပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org