တောင်ကြီးနဲ့ ချောင်းဆုံ NLD ပါတီအလုပ်အမှုဆောင်တွေကိစ္စ စုံစမ်းစစ်ဆေးမည်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ပါတီ အလုပ်အမှုဆောင် ၁၄ ဦးကိစ္စနဲ့ မွန်ပြည် နယ်၊ ချောင်းဆုံ မြို့က အလုပ်အမှုဆောင် ၂၁ ဦးကိစ္စကို အင်န်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်း ဟိန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးပါတဲ့ အဖွဲ့နဲ့ စုံစမ်းစစ်ဆေး မယ်လို့ ပါတီဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
-
2017-07-23 -
-
-
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ပါတီ အလုပ်အမှုဆောင် ၁၄ ဦးကိစ္စနဲ့ မွန်ပြည်နယ်၊ ချောင်းဆုံ မြို့က အလုပ်အမှုဆောင် ၂၁ ဦးကိစ္စကို အင်န်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးပါတဲ့ အဖွဲ့နဲ့ စုံစမ်းစစ်ဆေးမယ်လို့ ပါတီဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာထဲက ယူနီစံလက်ဖက်ရည်ဆိုင်မှာကျင်းပတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ ဦးဝင်းထိန် က ပြောတာဖြစ်ပါတယ်။
"ချောင်းဆုံမှာဖြစ်နေတဲ့ကိစ္စက ဂျာနယ်တွေမှာရေးတာနဲ့ တကယ်ဖြစ်တာနဲ့ကွာတယ်၊ ဂျာနယ်တွေ ကတော့ရေးတာ အဲ့လူတွေအရေးယူလိုက်ပြီ ထုတ်လိုက်ပြီလို့ရေးတာ၊ တကယ်တော့မဟုတ်ဘူး အဲ့ဖြစ်နေတဲ့ကိစ္စကို သိဖို့စုံစမ်းရင်း အဖွဲ့ဖွဲ့ခဲ့ပါတယ်။ အရေးယူဖို့အဆင့် အဝေးကြီးလိုသေးတယ်"
ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းလိုက်တဲ့ အဲဒီစစ်ဆေးရေးအဖွဲ့ဟာ တစ်လအတွင်း စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။
တောင်ကြီးမြို့NLD ပါတီ ဥက္ကဌ၊ ဒုတိယဥက္ကဌ အပါအဝင် အလုပ်အမှုဆောင် ၁၄ ဦးကို ဦးဝင်းထိန် လက်မှတ်နဲ့ ထုတ်ပယ်လိုက်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
တောင်ကြီးက NLD ပါတီအလုပ်အမှုဆောင် ၁၄ဦးထဲမှာ ကိုယ်တိုင်နှုတ်ထွက်စာ တင်ထားသူတွေ ရှိသလို ပါတီနဲ့ ကင်းကွာနေသူတွေ ပါဝင်တယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် မကျေနပ် တာကြောင့် ဆန္ဒပြတာ၊ အောင်နိုင်ရေး မလုပ်တာတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ချောင်းဆုံမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ၂၁ ဦးကို တာဝန်ကနေယာယီရပ်ဆိုင်းထားပြီး စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ပါတီလူငယ်စည်းရုံးရေးအတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးကို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက် တာဇော်မြင့်မောင်၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာမေဝင်းမြင့်တို့ အပါအဝင် ၁၄ ဦး တက်ရောက်ခဲ့ပါတယ်။