ချောင်းဆုံမြို့နယ် NLD အလုပ်အမှုဆောင် ၂၁ ဦးကို တာဝန်ကနေယာယီရပ်နား


2017.07.18
nld-campaign-chaungsone-620.jpg ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ချောင်းဆုံ NLD ပါတီဝင်တွေ မဲဆွယ်ခဲ့ကြစဉ်
Photo: Kyaw Lwin Oo/RFA

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းရွေးချယ်မှုအပေါ် မကျေနပ်တာကြောင့် ဆန္ဒပြတာ ၊ အောင်နိုင်ရေး မလုပ်တာတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ချောင်းဆုံမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ၂၁ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

တိုင်ကြားခံထားရတဲ့အတွက် တာဝန်ကနေ ယာယီရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးနေတာဖြစ်တယ်လို့ စုံစမ်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင် က ပြောပါတယ်။

"လက်ရှိချောင်းဆုံ မြို့နယ်အလုပ်အမှုဆောင်အကုန်လုံးကို ယာယီရပ်ဆိုင်းလိုက်ပါတယ်၊ အဲ့ဒါကတော့ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းရွေးတဲ့ အချိန်မှာလည်း မကျေနပ်လို့ဆန္ဒပြတာပါ"

ဇူလိုင်လ ၁ဝ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ညွှန်ကြားချက်နဲ့ စုံစမ်းစစ်ဆေးတာဖြစ်ပြီး တစ်လအတွင်းမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာတင်ပေးရမှာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါက်တာခင်ဆောင်၊ အဖွဲ့ဝင်တွေအဖြစ် ပြည်နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် မော်လမြိုင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မော်လမြိုင်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင် တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ချောင်းဆုံမြို့နယ် အန်အယ်လ်ဒီပါတီက အဆိုပြုတင်ပြခဲ့တဲ့ ဦးကျော်ဖေ၊ ဦးအေးဝင်းနဲ့ ဦးစောလင်းအောင် တို့ထဲက ဦးအေးဝင်းကို ပါတီဗဟိုက ရွေးချယ်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စေတာဖြစ်ပါတယ်။

ဦးအေးဝင်းဟာ ဒေသခံမဟုတ်လို့ဆိုပြီး ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကုန်လောက်က ဆန္ဒပြတာတွေ ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ ချောင်းဆုံမဲဆန္ဒနယ်မှာ NLD ပါတီ၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့က ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးအောင်ကြည်သိန်းက အနိုင်ရရှိ ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။