တောင်ငူလေတပ်စခန်းတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးကြောင်း BWM ထုတ်ပြန်
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိအဆင့် သုံးဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ BWM အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
-
RFA Burmese
2025-01-04 -
-
-
ပဲခူးတိုင်း တောင်ငူလေတပ်စခန်းကို ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဇန်နဝါရီလ ၄ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိအဆင့် သုံးဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“၁၂ လုံးမှာ ၁၀ လုံးထိမှန်ပေါက်ကွဲတယ်၊ အတွင်း ဖရဲသီးသတင်းရင်းမြစ် သုံးဦးရဲ့ သတင်းပေးပို့တာပါ၊ ဦးစီးအရာရှိ တစ်ဦးအပါအဝင် အရာရှိအဆင့် သုံးဦးနဲ့ အခြားအဆင့် လေးဦး စုစုပေါင်း ခုနစ်ဦးသေဆုံးပြီး ရှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိတယ်လို့ သိရပါတယ်”
ဒါ့အပြင် K8 လေယာဉ်နှစ်စီး၊ လေတပ်အုပ်ချုပ်ရေးရုံး၊ အရာရှိရိပ်သာနဲ့ လေယာဉ်ဂိုဒေါင်ရှေ့က ပြေးလမ်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံး၊ထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
တောင်ငူလေတပ်စခန်းဟာ နိုင်ငံတစ်ဝန်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ လေတပ်စခန်းဖြစ်တဲ့အပြင် အာဏာရှင်လက်အောက်က ပြည်သူတွေလွတ်မြောက်ရေး အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာလို့ BWM က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Brave Warriors for Myanmar (BWM) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ တောင်ငူလေတပ်စခန်းကို ဒါ ခြောက်ကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း တောင်ငူမြို့က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။