တနသာၤရီဂျာနယ်ကို တရားစွဲထားတဲ့အမှု ဇန်နဝါရီလ ၂၄ ရက်နေ့ အမိန့်ချမည်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တနင်္သာရီဂျာနယ်ကို သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ တရားစွဲထားတာကို ထားဝယ်မြို့နယ် တရားရုံးက လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင် (ရှေ့ဆုံးက လမ်းလျှောက်လာသူ) ကို ၂၀၁၈၊ အောက်တိုဘာ ၁ ရက်နေ့က ထားဝယ်မြို့နယ် တရားရုံးမှာ ရုံးချိန်းအပြီး တွေ့ရစဉ် Photo: Myo Aung

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တနင်္သာရီဂျာနယ်ကို သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ တရားစွဲထား တာကို ထားဝယ်မြို့နယ် တရားရုံးက လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီဂျာနယ်မှာ မဲဆွယ်အပြုံးအမည်နဲ့ ကလောင်ရှင် မူးဆေးအိုက သရော်စာရေးသား ဖော်ပြခဲ့တာကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ တနင်္သာရီတိုင်း အစိုးရအဖွဲ့က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့ တိုင်ကြားမှုကို ထားဝယ်မြို့နယ် တရားရုံးမှာ ၁ နှစ်ကျော်ကာလအတွင်း ရုံးချိန်း ၃၃ ကြိမ် ခေါ်ယူခဲ့ပြီး လာမယ့် ၃၄ ကြိမ်မြောက် ရုံးချိန်မှာအပြီးသတ် အမိန့်ချမှာလို့ သိရပါတယ်။

မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဟာ လူတစ်ဦးတစ်ယောက်ကို အသရေဖျက်စေမှုအတွက် စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားရင် ငွေဒဏ် ၃ သိန်းကနေ ၁၀ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

တနင်္သာရီဂျာနယ်ဟာ ၂၀၁၆ ခုနှစ် မေလတုန်းကလည်း "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးကို ဂျာနယ် မှာဖော်ပြခဲ့ရာ ဆောင်းပါးပါ စာသားတချို့ဟာ ကံပေါက်ဒေသမှာ သတ္တုတူးဖော်နေတဲ့ DELCO ကုမ္ပဏီကို ဂုဏ်သိက္ခာကျ ဆင်းစေတယ်ဆိုပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ရေဖြူတရားရုံးမှာ တရားစွဲဆိုခံခဲ့ရပြီး တရားရုံးက ဒဏ်ငွေ ကျပ် ၃ သောင်း ချမှတ်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org