ဒီမိုကရေစီရေးမှာ နယူးဇီလန် ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်ပန်ကြား

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ နယူးဇီလန်နိုင်ငံအနေနဲ့ ပါဝင်ပံ့ပိုး ကူညီပေးဖို့ ဒီဇင်ဘာ ၂ ရက် မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။

ဝယ်လင်တန်မြို့တော်ရှိ နယူးဇီလန် ပါလီမန် လွှတ်တော် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: Wikimedia) (Photo: Wikimedia)

နယူးဇီလန်အတိုက်အခံ လေဘာပါတီရဲ့ နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ Ms. Maryan Street က ဒီဇင်ဘာ ၂ ရက် မနေ့ညက ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် နှုတ်ခွန်းဆက် ပြောကြားရာမှာ အဲဒီလိုဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း မေတ္တာရပ်ခံ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လေဘာပါတီ လွှတ်တော်အမတ်တဦးလည်း ဖြစ်တဲ့ ၊ ဝန်ကြီးဟောင်းတဦးလည်းဖြစ်တဲ့ Ms. Street က ဒီလို စကားပြောခွင့်ရတာနဲ့ ပတ်သက်လို့ RFA ကို အခုလိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင် စကားပြောဆိုခွင့်ရတာကို ဂုဏ်ယူကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ မိမိ ယတိပြတ် ဆုံးဖြတ်ချက် ချမှတ်ထားတာတွေကို အဓိက အာရုံထားပြီး ပြောဆိုသွားတာ ကြားရတော့ အမှန်တကယ် အားကျဖို့ကောင်းတာ တွေ့တယ်လို့ Ms.Maryan Street ပြောသွားပါတယ်။

မိမိတို့ နယူးဖီလန် နိုင်ငံဟာ နိုင်ငံငယ်လေး ဖြစ်ပေမဲ့ ဘယ်လို အကူအညီပေးနိုင်ပါသလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို မေးခဲ့ရာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီပြောင်းလဲရေးမှာ ဒေသတွင်းက ASEAN နိုင်ငံတွေနဲ့ နယူးဇီလန်ရဲ့ ဆက်ဆံရေးဟာ အရေးပါတဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားသွားတယ်လို့ Ms. Street က ပြောကြားသွားပါတယ်။

ASEAN နိုင်ငံတွေဟာ သူတို့အကျိုးစီးပွားကိုသာ ဦးစားပေးပြီး မြန်မာကို ဆက်ဆံနေတာလို့ ဝေဖန်သူတွေက ပြောဆိုနေတာ မိမိတို့ သိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကမ္ဘာက မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးကို နေ့ချင်းညချင်း ပြောင်းလဲလို့ မရတာ သိထားသူ ဖြစ်တယ်၊ ရှေ့အလားအလာကောင်း ဖြစ်လာနိုင်တာ ယုံကြည်ထားသူဖြစ်ကြောင်း၊ စစ်အစိုးရအနေနဲ့လည်း ပြည်တွင်းစစ် အဖြစ်ခံမလား၊ ရင်ကြားစေ့ရေးကို ပြုလုပ်မလားဆိုတာ မိမိတို့ရဲ့ ထင်မြင်ချက်ကို ပြောလိုကြောင်း၊ ASEAN နိုင်ငံတွေဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှ စီးပွားရေး လုပ်ဆောင်နိုင်မှာမို့ ဒီလို ညှိနှိုင်းဆွေးနွေး အဖြေရှာမှသာ အနာဂတ် အလားအလာ ကောင်းနိုင်မယ်လို့ မိမိထင်မြင်ကြောင်း Ms..Maryan Street က ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org