ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ ထောက်ပံ့ရေး ကမ္ဘာ့ဘဏ်က ချေးငွေ
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အသက် နှစ်နှစ်အောက် ကလေးမိခင်တွေကို လစဉ်ထောက်ပံ့ငွေ ပေးရေးအတွက် ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ချေးယူခွင့်ပြုဖို့ အစိုးရ တင်ပြ တာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါပြီ။
-
2019-06-07 -
-
-
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အသက် နှစ်နှစ်အောက် ကလေးမိခင်တွေကို လစဉ်ထောက်ပံ့ငွေ ပေးရေးအတွက် ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ချေးယူခွင့်ပြုဖို့ အစိုးရ တင်ပြတာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါပြီ။
သမ္မတ ဦးဝင်းမြင့် တင်ပြတောင်းခံခဲ့တဲ့ အဲဒီအဆိုပြုချက်ကို လွှတ်တော်မှာ သောကြာနေ့ မနေ့က ထောက်ခံမဲ ၃ဝ၂ မဲ ကန့်ကွက်မဲ ၁၆၈ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်လက်အောက်ခံ IDA (International Development Association) နိုင်ငံတကာဖွ့ွံဖြိုးရေးအဖွဲ့ကနေ အခုချေးယူမယ့်ငွေကို ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တွေက အမျိုးသမီးတွေ ထောက်ပံ့ရေးအတွက် သုံးစွဲမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားပါတယ်။
အဲဒီလို ကိုယ်ဝန်ဆောင်နဲ့ အသက် နှစ်နှစ်အောက် ကလေးမိခင်တွေကို လစဉ် ကျပ်ငွေ တစ်သောင်းခွဲ ထောက်ပံ့တဲ့ အစီအစဉ်ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ၂ဝ၁၇- ၁၈ ဘဏ္ဍာရေးနှစ်က စတင်ခဲ့ပြီး ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာတော့ ပြီးခဲ့တဲ့ ၂ဝ၁၈- ၁၉ နှစ်မှာ စပြီးပံ့ပိုးခဲ့တယ်လို့ သိရ ပါတယ်။ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က အခုလို ထောက်ပံ့တဲ့ အဓိကအချက်ဟာ တိုင်းပြည်တစ်ခုလုံးမှာရှိတဲ့ ကလေးငယ်တွေ အဟာရချို့တဲ့ပြီး ကြုံလှီနေကြတဲ့အတွက်ဖြစ်တယ်၊ ၂ဝ၁၅- ၁၆ ခုနှစ်မှာ ပြုစုခဲ့တဲ့ သုတေသနအရ မြန်မာနိုင်ငံရှိ အသက် ငါးနှစ်အောက် ကလေး ၂၉% ဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုစံမမှီဖြစ်နေပြီး ရှစ်ရာခိုင်နှုန်းကတော့ အလွန်အမင်းကြုံလှီနေကြတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။