ကလေးမြို့ ဒေသခံတွေ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ ထောက်ခံကြိုဆိုပွဲ ကျင်းပ
2019.02.23

ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက ဦးဆောင်ဖွဲ့စည်းလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ကြိုဆိုထောက်ခံကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒေသခံ ၁၀၀၀ ကျော်က ဒီကနေ့ ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။
အခြေခံဥပဒေပါ ဘယ်ပုဒ်မတွေကို ပြင်ဆင်လိုကြောင်း ပြောကြားတာမရှိဘဲ အခြေခံဥပဒေအရ တပ်မတော်သားတွေကို နိုင်ငံရေးထဲမှာ ပါဝင်ဆောင်ရွက်ခွင့်ရှိနေတဲ့ အခြေအနေတွေကို မလိုလားကြောင်းသာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အမေစုချစ်သူများအဖွဲ့က ဒေါ်မြင့်မြင့်ဝင်း ကပြောပါတယ်။
ဆန္ဒပြပွဲကို ကလေးအခြေစိုက် အရပ်ဖက်အဖွဲ့တွေ၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင်တွေနဲ့ အမေစုချစ်သူများအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ကလေးမြို့နယ်အတွင်းက ရွာပေါင်း ၄၀ ကျော်က ဒေသခံတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ကလေးမြို့ပေါ်က ရွှေဘုံသာဘုရားကြီးမှာ စုရပ်လုပ်ပြီး မင်္ဂလာဥယျာဉ်ရပ်ကွက်အတွင်းက ဗိုလ်ချုပ်ကွင်း ထောက်ခံဆန္ဒပြပွဲကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။