လက်ပံတောင်းတောင် ကြည့်ပွဲပြုလုပ်သူတွေ တရားစွဲခံရ
စစ်ကိုင်းတိုင်း မုံရွာမြို့က ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ၃ ဦးကို ခွင့်ပြုချက် မရှိပဲ စီတန်းလှည့်လည်မှု၊ လက်ပံတောင်းတောင်ကြည့် ပွဲပြုလုပ်မှုနဲ့ တရားရုံးက ဒဏ်ငွေတွေ ရိုက်လိုက်တယ်လို့ သတင်းရရှိပါတယ်။
-
2013-06-08 -
-
-
စစ်ကိုင်းတိုင်း မုံရွာမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင် ၃ ဦးကို ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်မှု၊ လက်ပံတောင်းတောင်ကြည့်ပွဲပြုလုပ်မှုနဲ့ တရားရုံးက ဒဏ်ငွေတွေ ရိုက်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ကိုနွေဦးကိုနဲ့ ကိုဟိန်းဇော်ဝင်းတို့က ၂ မှုအတွက် ဒဏ်ငွေ ၆ သောင်းပေးဆောင်ရပြီး၊ ကိုထင်ရှားက ၁ မှုအတွက် ဒဏ်ငွေ ၃ သောင်းပေးဆောင်လိုက်ရတာပါ။
ဒါ့အပြင် မုံရွာမြို့ လက်ပံတောင်းတောင် ကာကွယ်ရေးကော်မတီ အတွင်းရေးမှူး စပယ်ဖြူမဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးမြင့်အောင်ကို လက်ပံတောင်းတောင်ကြည့်ပွဲပြုလုပ်မှုနဲ့ပဲ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်တယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အမှု ၂ ခုအတွက် ဒဏ်ငွေ ၆ သောင်းပေးဆောင်လိုက်ရတဲ့ ဗကသများအဖွဲ့ချုပ် မုံရွာခရိုင်ဥက္ကဌ ကိုနွေဦးကိုက RFA ကိုပြောပါတယ်။
"လက်ပံတောင်းတောင် ကြည့်ပွဲအတွက်တစ်ခုရယ်၊ ညောင်ရေသွန်းပွဲအတွက်တစ်ခုရယ်ကို ကျနော်ရယ်၊ ကိုဟိန်းဇော်ဝင်းရယ်ကို နှစ်မှုနဲ့စွဲထားတယ်၊ ကိုထင်ရှားကိုကျတော့ ညောင်ရေသွန်းပွဲအတွက် အမှုစွဲပြီးတော့ ဦးဉာဏ်ကိုကျတော့ လက်ပံတောင်းတောင်ကြည့်ပွဲအတွက် စွဲထားတယ်၊ ပထမတစ်နေ့မှာပဲ ကိုထင်ရှား၊ ကိုဟိန်းဇော်ဝင်းနဲ့ ကျနော်ရယ်ကို အမှုပြီးသွားတယ်၊ ကျနော်တို့နှစ်ယောက်ပဲ နောက်တစ်မှုနဲ့ရင်ဆိုင်ရတယ်၊ ကိုဟိန်းဇော်ဝင်းရယ်၊ ကျနော်ရယ်နှစ်မှု၊ ဦးမြင့်အောင်က တစ်မှု၊ ကိုထင်ရှားကတစ်မှု"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းဖို့တာင်းဆိုနေတဲ့ ဒေသခံလယ်သမားတွေကိုကူညီလို့ အဖမ်းခံထားရသူ ရန်ကုန်ပြည်သူ့အကျိုးတော်ဆောင်ကွန်ရက်က ကိုအောင်စိုးကို ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လချမှတ်ထားပြီး နောက်ထပ်အမှုတွေကို ဆက်လက်စစ်ဆေးနေသလို၊ သူနဲ့အတူ အဖမ်းခံထားရတဲ့ ဒေသခံရွာသား ၂ ဦးဖြစ်တဲ့ကိုလည်း ထောင်ဒဏ် ၆ လစီ ချမှတ်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဆိုတဲ့ ကြေညာချက်တစ်စောင်မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
ဒါ့အပြင် အဲဒီကြေညာချက်မှာပဲ ကိုဟန်ဝင်းအောင်၊ ကိုဗထူး၊ ကိုသောင်းထိုက် အပါအဝင် အမျိုးသား အမျိုးသမီး ၁၅ ဦးကို ရွှေဘိုမြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ပြီး တရားခံပြေးအဖြစ် အတည်ပြုမိန့်ချမှတ်ထားတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် ဒီကြေညာချက်မှာ ရုံးတံဆိပ်၊ ထုတ်ပြန်တဲ့နေ့စွဲ၊ ထုတ်ပြန်သူအရာရှိလက်မှတ်မဖေါ်ပြထားပဲ ညောင်ပင်ကြီးရွာတဝိုက်မှာ ဝေငှတာလို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဝရမ်းထုတ်ခံရသူတချို့က ရန်ကုန်မြို့မှာ ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်လို့ သိရပါတယ်။