နေရာ အငြင်းပွားနေခဲ့တဲ့ SNLD နဲ့ ရွေးကောက်ပွဲကော်မရှင် ပြေလည်မှုရပြီး ပါတီစစ်ဆေးပြီးစီး
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ရဲ့ ပါတီလုပ်ငန်းဆိုင်ရာကိစ္စ စစ်ဆေးခြင်းကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာပဲ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အတွင်း စစ်ဆေးပြီးစီးသွားပြီ ဖြစ်ပါတယ်။
- 2022-07-05
-
-
-
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ရဲ့ ပါတီလုပ်ငန်းဆိုင်ရာကိစ္စ စစ်ဆေးခြင်းကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပဲ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အတွင်း စစ်ဆေးပြီးစီးသွားပြီ ဖြစ်ပါတယ်။
စစ်ဆေးမှုခံယူမယ့် နေရာကိစ္စ အငြင်းပွားခဲ့ပေမယ့် တောင်ကြီးမြို့မှာ စစ်ဆေးမှုခံယူခဲ့တဲ့ အတွက် ပြေလည်မှုရသွားပြီလို့ SNLD ပါတီရဲ့ ပြောခွင့်ရသူ ဦးစိုင်းကျော်ညွန့်က RFA ကို ပြောပါတယ်။
"သူတို့ ခေါ်တဲ့နေရာ ကိုယ်မသွားနိုင်၊ ကိုယ်ခေါ်တဲ့နေရာလည်း မလာနိုင်ဆိုတော့ တောင်ကြီးမှာပဲ စစ်ဆေးခံမယ်ဆိုပြီး ညှိနှိုင်းပြီးတော့ တွေ့ကြမယ်ဆိုပြီးတော့ ပြီးသွား တာပေါ့။ ကျနော်တို့က နေရာပဲ အငြင်းပွားနေကြတာလေ။ ဟိုဘက် ဒီဘက် သဘောတူ ပြီး တောင်ကြီးမှာတွေ့ကြစို့ဆိုတော့လည်း ပြီးသွားတာပဲ။ ကျန်တာက ပြစရာက အပြည့်အစုံ ရှိပြီးသားပဲလေ။ ကျနော်တို့က မြေပေါ်ပါတီအဖြစ် ဆက်လက်ရပ်တည်မယ် ဆိုတော့လည်း ဒါက ဒီလိုပဲ သွားရမှာပေါ့"
လေးရက်ကြာ စစ်ဆေးမှုအတွင်း ပါတီဝင်အင်အားနဲ့ ပါတီလည်ပတ်နေတဲ့ အခြေအနေတွေ ကို ကော်မရှင်ဘက်က မေးမြန်းခဲ့ပြီး ပါတီဘက်ကလည်း စာရင်းဇယား အပြည့်အစုံရှိတာ ကြောင့် ပုံမှန်စစ်ဆေးမှုသာဖြစ်တယ်လို့ ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။
SNLD ပါတီဟာ ပြီးခဲ့တဲ့ မေလက ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို တောင်ကြီးမြို့မှာ ကျင်းပခဲ့ပြီး ပါတီရဲ့ လုပ်ငန်းလမ်းညွှန်နဲ့ ပါတီဖွဲ့စည်းပုံတွေကို ပြင်ဆင်မှုတချို့ လုပ်ဆောင် ခဲ့သလို ဗဟိုအလုပ်မှုဆောင်နဲ့ ဗဟိုကော်မတီဝင်တွေကိုလည်း ပြန်လည်ရွေးချယ်ခဲ့ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပါတီတွေကို ပြန်လည်စိစစ်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်ခဲ့ပြီး SNLD ပါတီကို စစ်ဆေးခံဖို့ နှစ်ကြိမ် အကြောင်းကြားခဲ့ပေမယ့် ပါတီက သွားရောက်အစစ်ဆေးမခံခဲ့ပါဘူး။
ဒီအပေါ် ကော်မရှင်ရဲ့ တာဝန်ရှိသူတွေဘက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းတာကနေ အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူခံရမယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာပါ။
SNLD ပါတီလိုပဲ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကလည်း ပါတီက ခေါင်းဆောင်တွေ ဖမ်းဆီးခံရတာ၊ ထွက်ပြေးတိမ်းရှောင်နေရချိန် မှာ ပါတီကို စစ်ဆေးမယ်ဆိုတာ လက်မခံဘူးလို့ ပြောထားသလို ကော်မရှင်ဘက်ကလည်း အချိန်တစ်ခုအထိ စောင့်ဆိုင်းမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ နိုင်ငံရေးပါတီပေါင်း ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး ဆက်လက် စစ်ဆေးဖို့ ပါတီ ခုနစ်ခုသာ ကျန်တော့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။