ရှမ်းပြည်နယ်နေရာ တချို့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အပေါ် SNLD ဝေဖန်
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှူး နဲ့ ကျေးသီးမြို့နယ်တွေအပြင် တန်ယန်းနဲ့ ဟိုပန်မြို့နယ်တွေက တချို့ကျေးရွာအုပ်စုတွေကို လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာခဲ့တာဟာ ရည်ရွယ်ချက် ရှိရှိ ပြုလုပ်တာဖြစ်တယ်လို့ မိုင်းရှူးမြို့နယ် SNLD ပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေး က RFA ကို ပြောပါတယ်။
-
2015-10-27 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေအပြင် တန်ယန်းနဲ့ ဟိုပန်မြို့နယ်တွေက တချို့ကျေးရွာအုပ်စုတွေ ကို လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တာဖြစ်တယ်လို့ မိုင်းရှူးမြို့နယ် SNLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေး က RFA ကို ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်က မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ အဲဒီဒေသတွေမှာ တိုက်ပွဲတွေဖြစ် ပွားနေတာကြောင့် ရွေးကောက်ပွဲ မကျင်းနိုင်ကြောင်း ကြေငြာခဲ့တာဖြစ်ပါတယ်။
ကော်မရှင်က ကြေငြာချက်မထုတ်ခင် မနေ့မွန်းလွဲပိုင်းက မိုင်းရှူးမြို့မှာရှိတဲ့ အစိုးရစစ်တပ်က SSPP/SSA တပ်တွေရှိတဲ့နေရာကို မြို့ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် မိုင်းရှူးမြို့အတွင်း ရုတ်ရုတ်သဲသဲဖြစ်ပြီး ဈေးတွေ၊ ဆိုင်တွေ ပိတ်သွားခဲ့ပါတယ်။
SNLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေးက ခုလိုပြောပါတယ်။
"ဒါကရွေးကောက်ပွဲရပ်ဆိုင်းတာ တမင်တကာလုပ်တဲ့ အနေအထားမျိုးပဲလို့ ယူဆတယ်၊ အခု ရွေးကောက်ပွဲကော်မရှင်က ကြေညာသွားပြီပဲ မိုင်းရှူး၊ တန့်ယန်းနဲ့ ကျေးသီးပါတယ်၊ အဲ့နေရာက SNLD အားကောင်းတဲ့နယ်မြေတွေလေ"
အဲဒီဒေသဟာ SNLD ပါတီရဲ့ အမာခံဒေသဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ ဖြစ်ပွားနေတာ မိုင်းရှူးမြို့နယ်အတွင်းဖြစ်ပြီး တန့်ယန်းနဲ့ ဟိုပန်မြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ကျားဖြူပါတီကတော့ ပြီးခဲ့တဲ့အပတ်အတွင်း အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲ ရပ်ဆိုင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို စာရေးသားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျားခေါင်းပါတီ SNLD က ဒေသခံတွေရဲ့ လက်မှတ် ၅၀၀၀ နဲ့ ရွေးကောက်ပွဲကျင်းပပေးရေးစာပေးပို့ဖို့ စီစဉ်နေချိန်မှာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ရွေကောက်ပွဲ မကျင်းပတော့ကြောင်း စာထွက်လာတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
မိုင်းရှူးမြို့နယ်ရှိSNLD ပါတီက ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေး ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။