လွိုင်ကော်ထောင်မှာ ဆန္ဒပြသူ ခြောက်ဦးကို ထောင်ဝင်စာပိတ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဝေဖန်မှုကြောင့် အမှုရင်ဆိုင်နေရတဲ့ ကရင်နီလူငယ် ခြောက်ဦး လွိုင်ကော်ထောင်မှာ ဆန္ဒပြတဲ့အတွက် ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားတယ်လို့ သူတို့ကို မနေ့က သွားရောက်တွေ့ဆုံဖို့ကြိုးစားခဲ့တဲ့ ကယန်းမျိုးဆက်သစ်လူငယ် ဥက္ကဋ္ဌ ခွန်းဘားနဒ်ဘုတ်က ပြောပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်ကို တွေ့ရစဉ် ဓါတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF

လွိုင်ကော်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကရင်နီလူငယ် ခြောက်ဦးဟာ ထောင်အတွင်း အော်ဟစ်ဆန္ဒပြ တောင်းဆိုခဲ့တာကြောင့် ထောင်အာဏာပိုင်တွေက သူတို့ကိုမနေ့ကစပြီး ထောင်ဝင်စာတွေခွင့် ပိတ်ထားတာလို့ သိရပါတယ်။

သူတို့ကို   မနေ့က သွားတွေရာမှာ ထောင်အာဏာပိုင်တွေက ထောင်ဝင်စာပိတ်ထားတယ်လို့ ပြောဆိုကြောင်း ကရင်နီလူငယ်သမဂ္ဂ ဥက္ကဋ္ဌ ခွန်းဘားနဒ်ဘုတ်က ပြောပါတယ်။

အဓိကကတော့ ကျနော်တို့က ထောင်ဝင်စာသွားတွေ ခွင့်တောင်းတဲ့အခါမှာ တွေ့ခွင့်မရှိဘူးဆိုပြီး ပြောလာ တယ်၊ အဲအပေါ်မှာ ကျနော်တို့ကသွားမေးတယ် ဘာဖြစ်လို့ တွေ့ခွင့်မရှိလည်းဆိုတော့ အဲထောင်ရဲ့ ဒုညွှန်မှူး ကပြောတယ် မနေ့ညတုန်းက ဒီလူငယ်၆ဦးအနေနဲ့ အော်ဟစ်တောင်းဆိုတာတွေရှိခဲ့လို့ ထောင်ပိုင်က တွေ့ခွင့်မပေးဘူးလို့ ကျနော်တို့သိလိုက်ရတယ်၊ အဲဒါနဲ့ သူတို့က တွေခွင့်မပေးဘူးဆိုတာကို သိခဲ့ရတယ်

လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေးရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် ပြည်နယ်အစိုးရက နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ နဲ့ ကရင်နီ လူငယ် ခြောက်ဦးကို တရားစွဲထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ ကရင်နီလူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ရာမှာလည်း လုံခြုံရေးတိုးမြှင့်ချထားကြောင်း တရားရုံးမှာ သွားရောက်ဝန်းရံသူတွေက ပြောပါတယ်။

ထောင်အတွင်းမှာဘာကြောင့်တောင်းဆိုဆန္ဒပြရာသလဲဆိုတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ ကိုဒီးဒီးက ဒီနေ့ တရားရုံးထုတ်အပြန်မှာ ပြောပြပါတယ်။

ကျနော်တို့ နိုင်ငံရေးသမားတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်နေတာတွေကို ရပ်တန့်ပေးဖို့ တောင်းဆို ထားတယ်၊ နောက်ကျနော်တို့နဲ့ဘဝတူ ကိုယ့်မြေကိုယ်ယာကိုတောင်းဆိုလို့ တရားစွဲခံရတဲ့သူတွေရှိတယ်၊ သူတို့ ကိုလည်း ကျနော်တို့အတူ နိုင်ငံရေးသမား နိုင်ငံရေးအကျဉ်းသားကဲ့သို့ထားရှိဖို့ ဆက်ဆံဖို့ ကျနော်တို့တောင်း ဆိုထားတာရှိတယ် ကျနော်တို့တောင်းဆိုတာ ထောင်တွင်းအုပ်ချုပ်ရေးယန္တရားပျက်စီးအောင် ယိုယွင်းအောင် တောင်းဆိုတာတခုမှမရှိဘူး

ကရင်နီလူငယ်တွေရဲ့ ပြောဆိုချက်အရ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်မှုရပ်တန့်ဖို့၊ ဖမ်းဆီးခံတောင်သူတွေကို နိုင်ငံရေး အကျဉ်းသားတွေလိုထားရှိဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို အခြားအကျဉ်းသားတွေနဲ့ ရန်တိုက်ပေးနေတာကို ရပ်တန့်ဖို့ဆိုတဲ့အချက်တွေကို ဆန္ဒပြတောင်းဆိုခဲ့တာလို့ သိရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့ဝင် ဦးအောင်မျိုးကျော်က အကျဉ်းသားတွေကို ထောင်ဝင်စာပိတ်တာဟာ လူအခွင့်ရေးချိုးဖောက်တာဖြစ်ပြီး ထောင်အာဏာပိုင်တွေအနေနဲ့ သူတို့တောင်းဆိုတာတွေကို အမြန်ဆုံး ဖြေရှင်းပေးသင့်တယ်လို့ ပြောပါတယ်။

အကျဉ်းထောင်ထဲမှာထည့်ထားရင်  အကျဉ်းသားတွေဟာ မိသားစုနဲ့ တွေဆုံဖို့အခွင့်အရေးဆိုတာရှိတယ်၊ ဒီအခွင့်အရေးကို ပိတ်ပင်တယ်ဆိုတာဟာ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပိတ်ပင်လိုက်တာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီဟာကြီးက မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စ၊ ပြေလည်အောင်ဖြေရှင်းလို့ရတဲ့ကိစ္စကို ပြေလည်အောင် မဖြေရှင်းဘဲနဲ့ ဒီလိုမျိုးထောင်ဝင်စားပါ ထပ်ပိတ်လိုက်တယ်ဆိုတာဟာ သူတို့ဟာပြစ်ဒဏ်နှစ်ခါ ခံစားရသလို့ဖြစ် တယ်၊ ဒါမျိုးက လုံးဝမလုပ်သင့်တဲ့ကိစ္စပါ၊ ဒါကိုအမြန်ဆုံးဖြေရှင်းပေးဖို့လိုပါတယ်၊ မိသားစုတွေနဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ပေးဖို့ လိုအပ်ပါတယ်

လွိုင်ကော်အကျဉ်းထောင်က ကရင်နီလူငယ် ခြောက်ဦးကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားတာနဲ့ပတ်သက်ပြီး နေပြည်တော် အကျဉ်းဦးစီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကို RFA မေးမြန်းရာတော့ သူတို့အနေနဲ့ ဒီဖြစ်ရပ်ကို မသိရှိရသေးကြောင်း ပြောပါတယ်။

ထောင်ဝင်စာပိတ်တာတော့ မကြားဘူးဗျ၊ အဲတာက ထောင်အာဏာပိုင်တွေ လုပ်ပိုင်ခွင့်ဗျ၊  ကျနော်မသိဘူးဗျ မေးကြည့်ဦးမယ်၊ မေးကြည့်ပြီးမှ ပြန်ပြောလို့ရမယ်

ထောင်ဝင်စာတွေ့ခွင့် ပြန်မရသေးပေမယ့် ဒီကနေ့ ရုံးချိန်းရှိတဲ့အတွက် တရားရုံးကို ရောက်လာတဲ့ သူတို့ ခြောက်ဦးဟာ မိသားစုဝင်တွေကို တရားရုံးမှာ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ထဲက ကိုခူကြူးဖဲကေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုဂျွန်ပေါ၊ ကိုမျိုးလှိုင်ဝင်း၊ ကိုခွန်သောမတ်စ်၊ ကိုဒီးဒီ၊ ကိုခူးရီဒူးတို့ ငါးဦးကို ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ကရင်နီအမျိုးသားနေ့ အခမ်းအနားမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ ၆ ဦး ဖမ်းဆီးခံရပြီးနောက်မှာ ကရင်နီတိုင်းရင်းသား စုစုပေါင်း ၁၆၆ ဦးက ဝန်ကြီးချုပ်နဲ့ ပြည်နယ်စီမံ ဘဏ္ဍာဝန်ကြီးကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် သတ်မှတ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးကို သြဂုတ်လ ၂၂ ရက်နေ့က စာပေးပို့ထားကြောင်း သိရပါတယ်။ အဲဒီစာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အရေးယူ တုံ့ပြန်တယ်ဆိုတဲ့ သတင်းတော့ ထွက်ပေါ်မလာသေးပါဘူး။

(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org