သတင်းစာဆရာ ဦးစည်သူအောင်မြင့် ထောင် နှစ်နှစ်ထပ်ချခံရ

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ဗဟန်းမြို့နယ် တရားရုံးကနေ စွဲဆိုထားတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) အတွက် နိုဝင်ဘာ ၂၄ ရက်၊ မနေ့က အင်းစိန် အကျဉ်းထောင် အထူးတရားရုံးကနေ ထောင်နှစ်နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဦးစည်သူအောင်မြင့်ကို ပုဇွန်တောင်မြို့နယ် တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၄(က) တို့နဲ့ တရားစွဲဆို ခံထားရတာဖြစ်ပြီး ပုဒ်မ - ၅၀၅(က) အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် နေ့က အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရတာပါ။ အခုမနေ့က ထောင် နှစ်နှစ် ထပ်ချခံရတာကြောင့် စုစုပေါင်းထောင်ဒဏ် ငါးနှစ်အထိ ရှိလာပါတယ်။

ဝါရင့်သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်အပေါ် အခုလို ထောင်ဒဏ် ချမှတ်ခံထားရတာ နဲ့ ပတ်သက်လို့ တရားမျှတမှု မရှိဘူးလို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

"ဘယ်လိုပြောရမလဲ၊ ထောင်ထဲမှာပဲ တစ်သက်လုံးထားချင်တဲ့သဘောပဲ ထင်တယ်၊ သတင်းစာဆရာတွေကို သဲကြီး၊ မဲကြီး ဖမ်းပြီးထောင်ချတာပေါ့၊ စွဲဆိုခံထားရတဲ့ ပုဒ်မသုံးခုမှာ၊ နှစ်ခုက အမိန့်ချပြီးပြီဆိုတော့ ပုဒ်မ - ၁၂၄(က) ကို ဆက်ရင်ဆိုင် ရမယ်ပေါ့"

ဦးစည်သူအောင်မြင့်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး အထူးတရားရုံးကနေ အမိန့်ချမှတ်လိုက်တဲ့အပေါ် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လထဲမှာ ဗဟန်းမြို့နယ်ထဲက နေအိမ်တစ်အိမ်မှာ ဦးစည်သူအောင်မြင့်နဲ့အတူ BBC Media Action အစီစဉ်တင်ဆက်သူ မထက်ထက်ခိုင် တို့ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် ပြီးခဲ့တဲ့ ကြာသပတေးနေ့ အထိ နိုင်ငံတစ်ဝန်းမှာ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ကူဘိုတာ အပါအဝင် သတင်းသမား ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကတော့ အဖမ်းခံရပြီး ရက်ပိုင်းအကြာ စစ်ကြောရေးမှာတင် နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့ ပါတယ်။

ဆက်လက် အကျဉ်းကျခံနေရသူ ၁၄၂ ဦးအနက် ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ ဂျပန် နိုင်ငံသား ကူဘိုတာ အပါအဝင် သတင်းသမား ၉၅ ဦး ပြန်လွတ်လာပါတယ်။ ဒါကြောင့် မသူဇာ (ခ) အလှလေးသူဇာ အပါအဝင် သတင်းထောက် ၄၇ ဦး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီး အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org