ဆင်ပေါင်ဝဲဒေသခံ ၁၀၀၀ ခန့် မကွေးသစ်တောရုံးရှေ့မှာ စုရုံးဆန္ဒပြ
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် က လယ်ယာမြေဧက ၃ သောင်းကျော်ကို သစ်တောဦးစီးဌာနက သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ် ထားတဲ့အတွက် ဒေသခံ တစ်ထောင်ခန့်က မကွေးမြို့ သစ်တောရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
-
2014-09-25 -
-
-
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်က လယ်ယာမြေဧက ၃ သောင်းကျော်ကို သစ်တောဦးစီးဌာနက သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ထားတဲ့အတွက် ဒေသခံ တစ်ထောင်ခန့်က မကွေးမြို့ သစ်တောရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ကျေးရွာ ၁၁ ရွာက လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆင်ပေါင်ဝဲမြို့နယ် ကုံးဘိုရွာက ဆန္ဒပြတောင်သူ ဦးစန်းမောင်က ပြောပါတယ်။
"ခေတ်အဆက်ဆက်မှာ ဒေသခံတောင်သူတွေက ဘိုးဘွားပိုင်မြေတွေကို အခွန်ဆောင်ပြီးတော့ လုပ်ကိုင်စားသောက်ခဲ့ပါတယ်၊ ပုံစံ ၁ဝ၅ ဆိုတဲ့ လယ်ယာမြေမှတ်ပုံတင် ကျနော်တို့ရခဲ့ပါတယ်၊ ၂၂ ရက် ၃ လ ၂ဝဝ၃ ခုနှစ်မှာ ဆင်ပေါင်ဝဲမြို့နယ်မှာ သစ်တောဌာနရယ်၊ မြေစာရင်းဦးစီးရယ်၊ စိုက်ပျိုးရေးအဖွဲ့တွေ လာပြီးတော့ ၂ဝဝ၄၊ ၂ဝဝ၅ မှာ ဖရုံသစ်တော ကြိုးဝိုင်းအဖြစ် ကျနော်တို့ရွာတွေကို သတ်မှတ်ခံရပါတယ်၊ ဒီ ၁၁ ရွာလုံးဟာ ကြိုးဝိုင်းအဖြစ် သတ်မှတ်ခံရတယ် ဆိုပြီးတော့ ဒေသခံလူတွေအတွက်ကို စိုက်ပျိုးစရိတ်ချေးငွေတို့ကို ကျနော်တို့အားလုံး ဆုံးရှုံးခဲ့ရပါတယ်"
လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ်ဝန်းကျင်က ဆင်ပေါင်ဝဲမြို့နယ် ကုန်းဘို၊ ကုန်းသာ၊ ကန်ကျောင်းနဲ့ ငှက်ပျောကျင်း စတဲ့ ကျေးရွာ ၁၁ ရွာက တောင်သူတွေဟာ အဲ့ဒီလယ်ယာမြေတွေမှာ လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလယ်ယာမြေဧက ၃သောင်းကျော်ကို ပြီးခဲ့တဲ့၂၀၀၅ ခုနှစ်မှာ မကွေးတိုင်း သစ်တောဦးစီးဌာနက ဖရုံသစ်တော ကြိုးဝိုင်းအဖြစ် သတ်မှတ်တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဆင်ပေါင်ဝဲမြို့မှာ တောင်သူတစ်ထောင်ကျော်က ဆန္ဒပြခဲ့ကြပါတယ်။