ရာဂီမုန်တိုင်းသင့်ပြည်သူတွေကို စင်ကာပူ ကူညီမည်

စင်ကာပူတပ်မတော်ဟာ ဘက်စုံသုံး ကုန်တင်လေယာဉ်သုံးစီးနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေကို အကူအညီတွေ သွားရောက်ပေးအပ်မယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ရေဘေးသင့်သူတွေကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ Facebook/ Kyaw Thura

မြန်မာ၊ လာအို နဲ့ ဗီယက်နမ် နိုင်ငံတွေက ရာဂီ မုန်တိုင်း ဒဏ်ခံရတဲ့ ပြည်သူတွေကို စင်ကာပူတပ်မတော်ကနေ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ Channel News Asia က သတင်းဖော်ပြပါတယ်။

စင်ကာပူတပ်မတော်ဟာ ဘက်စုံသုံး ကုန်တင် လေယာဉ်သုံးစီးနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေကိုသွားရောက်ပြီး၊ စောင်၊ အသင့်စား ရိက္ခာထုတ်၊ တစ်ကိုယ်ရေ သန့်စင်ရေးသုံး ပစ္စည်းတွေ၊ ခေါက်သိမ်းနိုင်တဲ့ ရေတိုင်ကီနဲ့ ရေသန့်စင်တဲ့ ပစ္စည်းတွေပါဝင်တဲ့ အကူအညီတွေ သွားရောက်ပေးအပ်မယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက် မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီ အကူအညီပေးရာမှာ စင်ကာပူတပ်မတော်ပိုင် ပစ္စည်းတွေအပြင်၊ စင်ကာပူကြက်ခြေနီအဖွဲ့၊ အာဆီယံ AHA စင်တာနဲ့ အခြား ဒေသတွင်း အကူအညီပေးရေး အဖွဲ့တွေရဲ့ အကူအညီနဲ့ တပ်မတော်ပြင်ပက ရနိုင်မယ့် ပစ္စည်းတွေကိုပါ စုဆောင်းနေတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရာဂီ မုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် လူ၂၀၀ ကျော် သေဆုံးပြီး၊ စပါးနဲ့ အခြား သီးနှံ စိုက်ခင်း ဧကခြောက်သိန်းကျော် ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာတွေက ပြောတဲ့အကြောင်း Channel News Asia က သတင်းဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org