ဖားဆောင်းမှာ စစ်တပ်ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရ

ကယားပြည်နယ် (ကရင်နီပြည်) ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဟတ်ယာဉ်တစ်စင်းကို ကရင်နီပူးပေါင်းတပ်တွေက မေလ ၆ ရက် မနက် ၁၁ နာရီခန့်မှာ ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ်။ Facebook/ Karenni Nationalities Defense Force-KNDF

ကယားပြည်နယ် (ကရင်နီပြည်) ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဟတ်ယာဉ်တစ်စင်းကို ကရင်နီပူးပေါင်းတပ်တွေက မေလ ၆ ရက် မနက် ၁၁ နာရီခန့်မှာ ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။

ပစ်ချခံလိုက်ရတဲ့ရဟတ်ယာဉ်ဟာ ဖားဆောင်းမြို့နယ်နဲ့ ကပ်လျက်ဖြစ်တဲ့ ဘောလခဲမြို့နယ်ထဲကို ပျက်ကျသွားပြီး ရဟတ်ယာဉ်အမျိုးအစားကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံ စောသာအယ်စိုးက ပြောပါတယ်။

“ပစ်ချလိုက်နိုင်တာ ဟုတ်ပါတယ်။ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်က ဘောလခဲမြို့နယ်အတွင်းမှာ ပျက်ကျသွားတယ်လို့ ယူဆလို့ရပါတယ်။ မီးခိုးတွေ အူပြီးတော့ ပျက်ကျသွားတာဖြစ်ပါတယ်”

ဖားဆောင်းမြို့ကို သိမ်းပိုက်နိုင်ဖို့ မြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၁၃၄) နဲ့ ခလရ (၁၃၅) တပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် မေလ ၆ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

စစ်ကောင်စီတပ်ကလည်း ဒီတပ်စခန်းတွေ လက်မလွှတ်ရရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ KNDF တာဝန်ရှိသူတွေက ပြောပါတယ်။

မေလ ၄ ရက်နေ့ကနေ မေလ ၆ ရက် မနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ဆယ်ကျော် ပြုလုပ်ခဲ့ပြီး ဂျက်တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ရဟတ်ယာဉ်ပစ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ ရိက္ခာသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ် စုစုပေါင်း ခုနစ်စင်းကို ကချင်၊ ကရင်၊ ကရင်နီ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org