နေပြည်တော်မှာ သံရုံးဖွင့်ဖို့ မြေ ၁ ဧက ဒေါ်လာ ၅ သိန်းနှုန်းဖြင့် နေရာချပေး

နေပြည်တော်မှာ သံရုံးဖွင့်လှစ်လိုတဲ့ နိုင်ငံတွေကို ဒက္ခိဏသီရိမြို့နယ်က သံတမန်ဇုန်မှာ မြေတစ်ဧက ဒေါ်လာ ၅ သိန်းနှုန်းနဲ့ မြေနေရာ ချထားပေးနေကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။

ဒက္ခိဏသီရိမြို့နယ်မြေပုံကို တွေ့ရစဉ် Photo: www.nptdc.gov.mm

နေပြည်တော်မှာ သံရုံးဖွင့်လှစ်လိုတဲ့ နိုင်ငံတွေကို ဒက္ခိဏသီရိမြို့နယ်က သံတမန်ဇုန်မှာ မြေတစ်ဧက ဒေါ်လာ ၅ သိန်းနှုန်းနဲ့ မြေနေရာ ချထားပေးနေကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ ဘရူနိုင်း နိုင်ငံ ၃ ခုက နေပြည်တော်မှာ သံရုံးပြောင်းရွှေ့ဖွင့်လှစ်ဖို့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ကြောင်းနဲ့ ကာတာနိုင်ငံလည်း သံရုံးဖွင့်ဖို့အတွက် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှာ ဒီနေ့ကျင်းပတဲ့ အစည်းအဝေးအပြီးမှာ ဦးမင်းသူက သတင်းထောက်တွေကို ပြောလိုက်တာဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေအပြင် နေပြည်တော်မှာရှိတဲ့ သံတမန်ဇုန်ကို သံရုံးပြောင်းရွှေ့ဖွင့်လှစ်ဖို့ တရုတ်၊ ရုရှား၊ ဖိလစ်ပိုင်၊ ကူဝိတ်၊ ဘရူနိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေက သဘောတူထားတယ်လို့ သိရပါတယ်။

နေပြည်တော် သံတမန်ဇုန်ကို ဒက္ခိဏသီရိမြို့နယ်က မြေဧက ၁၅၅၀ မှာ မြေကွက် ၁၂၀ ဖော်ဆောင်ထားပြီး လက်ရှိမှာတော့ မြေတစ်ဧကကို အမေရိကန်ဒေါ်လာ ၅ သိန်းနှုန်း သတ်မှတ်ထားတာဖြစ်ပါတယ်။

နေပြည်တော်မှာ ပထမဆုံး နိုင်ငံခြားသံရုံးအဖြစ် ဖွင့်လှစ်ဖို့ ဘင်္ဂလားဒေ့ရှ်သံရုံးက ၂၀၁၁ ခုနှစ်ကတည်းက ပန္နက်တင်အခမ်းအနား ကျင်းပထားတာဖြစ်ပြီး တရုတ်နိုင်ငံကတော့ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံအများစုက ပထမအဆင့်အနေနဲ့ နေပြည်တေ်ာမှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာ သံရုံး ၃၅ ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၆ ရုံး ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org