မုန်းမြို့မှာ လက်နက်ကြီးကြောင့် ခုနစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံး
ပဲခူးတိုင်း မုန်းမြို့နယ် ကော့ပြင်းရွာထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ခုနစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2022-12-28 -
-
-
ပဲခူးတိုင်း မုန်းမြို့နယ် ကော့ပြင်းရွာထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ခုနစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နေအိမ်ထဲမှာရှိနေတဲ့ မသွန်းဝတီကျော်ရဲ့ ဦးခေါင်းကို လက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲနေ့ညက အိပ်နေကြတာ။ အိမ်ပေါ်ကို လက်နက်ကြီးကျတဲ့အချိန်မှာ ကလေးက နေရာတင် ပွဲချင်းပြီးဆုံးသွားတာ။ ခုနစ်လပိုင်း နောက်ပိုင်းမှာ မကြာခဏ လက်နက်ကြီးရွာထဲကျတယ်။ ရွာမှာလည်း သိပ်မနေရဲကြတော့ဘူး။ ဒီရွာကပဲ အဖွားအို အရွယ်တစ်ဦးလည်း လက်နက်ကြီးထိလို့ ဆုံးဖူးတယ်”
သေဆုံးသူ ကလေးငယ်ကို ဒီဇင်ဘာ ၂၇ ရက် မနေ့က သင်္ဂြိုဟ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဒီဇင်ဘာ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် ကလေး ၂၆၇ ဦး သေဆုံးခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ စာရင်းတွေအရ ပဲခူးတိုင်းမှာ စစ်ဘေးဒုက္ခသည် ၅၄,၄၀၀ ကျော် ရှိနေပါတယ်။