ဧရာဝတီတိုင်း NLD လွှတ်တော်အမတ် သုံးဦးအပါအဝင် ၁၁ ဦး ထောင် နှစ် ၂၀ ချမှတ်ခံရ

ဧရာဝတီတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရှစ်ဦး၊ စုစုပေါင်း ၁၁ ဦးကို ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ထောင်နှစ် ၂၀ ချလိုက်တယ်လို့ ပုသိမ်မြို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။

ဧရာဝတီတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရှစ်ဦး၊ စုစုပေါင်း ၁၁ ဦးကို ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ထောင်နှစ် ၂၀ ချလိုက်တယ်လို့ ပုသိမ်မြို့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၂၊ အကြည်ညို ပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၄ (က) တို့နဲ့ တရားစွဲဆိုပြီး အမိန့် ချမှတ်ခံလိုက်ရတာပါ။

ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရသူတွေအထဲ ပုသိမ်မြို့ NLD တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွဋ်၊ သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနဲ့ သာပေါင်းမြို့နယ်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦးတို့ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို နိုဝင်ဘာ ၂၄ ရက် ဒီနေ့မှာပြောပါတယ်။

"သူတို့ ၁၁ ဦးကိုပြီးခဲ့တဲ့ အင်္ဂါနေ့က အမိန့်ချလိုက်တာ။ ကိုယ်စားလှယ်နှစ်ဦး ဖြစ်တဲ့ ဦးသိန်းထွန်းနဲ့ ဦးအောင်အောင်ဦး တို့ကတော့ သဘာဝဘေးစီမံနဲ့ အမိန့်ချထားပြီးသား။ ကိုသန်းထွဋ် ကိုကျတော့ အခုအမိန့်ချပြီးတော့မှ သဘာဝဘေးစီမံနဲ့ ထပ်စွဲထားတာ။ ဒီနေ့ ရုံးထုတ်ပါတယ်"

အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက ပုသိမ်မြို့နယ် ရွှေမြင်တင်ခြံထဲမှာ တခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတာလို့ သူကဆက်ပြောပါတယ်။

ပုသိမ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကဗျာဆရာ လူဖန်ခါး(ခေါ်) ကိုထက်လင်းစိုးလည်း ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရတဲ့အထဲပါဝင်ပြီး သူနဲ့အတူ ဦးဝင်းနိုင်၊ ချစ်သွေးနီ၊ ကိုဝင်းသူအောင်၊ ကိုကျော်သန်းဦး၊ ကိုအောင်မောင်ထွန်း၊ ဦးစိုးမြင့်မောင်နဲ့ ကိုချက်ဖောင်းတို့လည်း ပါဝင်တယ်လို့ ပုသိမ်မြို့က နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က ပုသိမ်အကျဉ်းထောင်ကနေ လွတ်ရက်စေ့ကာနီး သတင်းထောက်တစ်ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄၇ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့နိုဝင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ အခုလ နိုဝင်ဘာ ၂၃ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ ၁၂,၉၇၆ ဦးရှိပြီး အဲဒီအထဲက ၁၆၀၈ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org