အိုဘားမား ခရီးစဉ်အတွက် လုံခြုံရေးအစီအစဉ် စတင်

(၂၅) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်သမ္မတ အိုဘားမားအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ နေပြည်တော်ကို ရှေ့လအတွင်း လာရောက်ကြမှာဖြစ်တဲ့အတွက် နေပြည်တော်မှာ လုံခြုံရေးအပြည့်အဝ စတင်ဆောင်ရွက်ထားပြီလို့ နယ်မြေခံလုံခြုံရေး တာဝန်ကျသူတစ်ဦးက RFA ကို ပြောပါတယ်။

အမေရိကန်သမ္မတ Barack Obama ပုံ Photo: WH.GOV

(၂၅) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်သမ္မတ အိုဘားမားအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ နေပြည်တော်ကို ရှေ့လ အတွင်း လာရောက်ကြမှာဖြစ်တဲ့အတွက် နေပြည်တော် မှာ လုံခြုံရေးအပြည့်အဝ စတင်ဆောင်ရွက်ထားပြီလို့ နယ်မြေခံလုံခြုံရေး တာဝန်ကျသူတစ်ဦးက RFA ကို ပြောပါတယ်။

နေပြည်တော် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပမယ့် နေရာတဝိုက် လုံခြုံရေး ကင်မရာတွေနဲ့ CCTV တွေ အရေအတွက် တိုးမြှင့်ထားရှိမှာဖြစ်ပါတယ်။

အခုလို ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေ တစ်နေရာတည်းမှာ လာရောက်စုဝေးကြတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေး ဒေသဆိုင်ရာ အကြီးအကဲ ဗိုလ်မှူးချုပ်စိုးမြိုင်က ပြောဆိုကြောင်း Chanel News Asia က ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အငြိမ်းစား ဗိုလ်မှူးချုပ်ဟောင်း ဦးခင်မောင်စီကလည်း မြန်မာနိုင်ငံမှာ နေရာအမျိုးမျိုးအတွက် လုံခြုံရေးဆိုင်ရာ အထူးသင်တန်းတွေ၊ အထူးလေ့ကျင့်မှုတွေရှိကြောင်း၊ သူ့ရဲ့အတွေ့အကြုံအရ မြန်မာ အာဏာပိုင်တွေအနေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ၊ ဖြစ်လာနိုင်သမျှ ပြဿနာတွေကို ထောင့်မျိုးစုံ အစီအစဉ်မျိုးစုံနဲ့ ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်မယ်လို့ ယုံကြည်ကြောင်းပြောဆိုတယ်လို့လည်း ဖေါ်ပြပါတယ်။

သမ္မတအိုဘားမား တည်းခိုမယ့်ဟိုတယ်ကို လုံခြုံရေးအရ ကြိုတင်အသိပေးမထားပေမဲ့၊ တည်းခိုမယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကမ်ပင်စကီ ဟိုတယ် Kempinski Hotel ရဲ့ အထွေထွေမန်နေဂျာ Mr. Franck Droin ကို RFA က မေးမြန်းရာမှာ ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် ထုတ်ဖော်ပြောခွင့်မရှိဘူးလို့ ပြောပါတယ်။

သမ္မတအိုဘားမား တည်းခိုဖို့အတွက် သက်ဆိုင်ရာက ကြယ်ငါးပွင့်အဆင့် ဟိုတယ်သုံးလုံးကို လျာထားပြီး မန်းမြန်မာဟိုတယ်ကိုတော့ အမေရိကန်သမ္မတရဲ့ ဝန်ထမ်းတွေ တည်းခိုဖို့ အခန်းပေါင်းတစ်ရာကျော်ရှိတဲ့ ဟိုတယ်တစ်ခုလုံးကို ငှားရမ်းထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ဒီနှစ်အစောပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံဆွေးးနွေးပွဲတွေမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အင်အား ခြောက်ထောင်ဝန်းကျင် လုံခြုံရေးချခဲ့ပါတယ်။ အခု (၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကိုတော့ အမြင့်ဆုံး လုံခြုံရေးအဆင့် သတ်မှတ်ထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့ အကူအညီအပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အား နှစ်သောင်းကျော်နဲ့ လုံခြုံရေးတာဝန်ယူမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org