ဧရာဝတီလွှတ်တော် ဒုဥက္ကဋ္ဌ နုတ်ထွက်မည်
ဧရာဝတီတိုင်းလွှတ်တော် ဘတ်ဂျက်ငွေထဲက ကျပ်သိန်း ၁၅၀၀ ကို အလွဲသုံးစားပြုလုပ်ခဲ့တာ စစ်ဆေးပေါ်ပေါက်တာကြောင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒု-ဥက္ကဌ ဦးစံမင်းအောင်ဟာ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ရာထူးတာဝန်ကနေ နုတ်ထွက်ရမယ်လို့ သိရပါတယ်။
-
2019-01-27 -
-
-
Your browser doesn’t support HTML5 audio
ဧရာဝတီတိုင်းလွှတ်တော် ဘတ်ဂျက်ငွေထဲက ကျပ်သိန်း ၁၅၀၀ ကို အလွဲသုံးစားပြုလုပ်ခဲ့တာ စစ်ဆေးပေါ်ပေါက်တာကြောင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒု-ဥက္ကဌ ဦးစံမင်းအောင်ဟာ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ရာထူးတာဝန်ကနေ နုတ်ထွက်ရမယ်လို့ သိရပါတယ်။
တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးစံမင်းအောင် နေရာမှာ အစားထိုးဖို့ လွှတ်တော်ရဲ့အဆုံးအဖြတ် ခံယူတဲ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ရှိသေးတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။
ဦးစံမင်းအောင်ဟာ တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ အသုံးပြုမယ့် ကား ၅ စီးဝယ်ယူတဲ့ကိစ္စမှာ ငွေကြေးကွာဟချက်တွေရှိနေတာကြောင့် NLD ပါတီဗဟိုကို တိုင်ကြားခံခဲ့ရတာဖြစ်ပါတယ်။
NLD ပါတီက အထူးအဖွဲ့ကနေ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီလဆန်းပိုင်းကတည်းက ပါတီကနေ ထုတ်ပယ်ထားပြီးဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ဦးစံမင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ကော်မရှင် ပြောခွင့်ရသူ ဦးကျော်စိုး ကတော့ အတည်ပြုမပြောနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။
ဦးစံမင်းအောင်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က အခုလို ပြောပါတယ်။
"သူနုတ်ထွက်စာကို တင်မယ်လို့တော့ပြောတယ်၊ လောလောဆယ် မတင်သေးဘူး၊ နုတ်ထွက်စာရမှ နောက်တဆင့်က ထပ်စဉ်းစားရတာကို၊ သူမြန်မြန်တင်လိုက်မှ ကျနော်တို့ ဆက်အလုပ်လုပ်လို့ ရမှာကို၊ ပါတီကိုပြန်အကြောင်းကြားရတာရှိတယ်လေ၊ အစားထိုးဖို့ပြောတာ၊ ကား ၅ စီး သိန်း ၁၅၀၀ ကျော်လောက်က တစ်အားကြီးကွာဟတဲ့ သဘောမျိုးတွေပြောလို့တော့ မရသေးဘူးဗျ၊ ဒါပေမဲ့ သူက ဝယ်ခဲ့တဲ့ စာချုပ်စာတမ်းကိစ္စတွေမှာ မှားယွင်းတဲ့ဇာတ်လမ်းပါတယ်၊ သူလည်း သူ့အကျပ်အတည်းတစ်ခု ရှိပါလိမ့်မယ်"
ဦးစံမင်းအောင်ဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။
ဦးစံမင်းအောင်နဲ့ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီကို တိုင်ကြားထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အဲဒီတိုင်ကြားစာနဲ့ပတ်သက်လို့ RFA က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီ ဆက်သွယ်မေးမြန်းရာမှာ ကော်မရှင်ပြောခွင့်ရသူ ဦးကျော်စိုးက RFA ကို အခုလို ပြောပါတယ်။
"တိုင်စာတစ်စောင်ရောက်ရင်တော့ ရောက်တဲ့တိုင်စာ ဘယ်သူပဲပို့ပို့ပေါ့နော်၊ ကျနော်တို့က လျှို့ဝှက်အဖြစ် သတ်မှတ်ထားပါတယ်၊ လိုအပ်ရင်တော့ ထုတ်ပြန်ပေးပါတယ်၊ ကာယကံရှင်မေးမှပဲ ဖြေကြားပေးလို့ရပါတယ်၊ ရောက်တယ်ဆိုတာမသိဘူး မရောက်ဘူးဆိုတာလည်း မသိဘူးခင်ဗျ၊ တိုင်စာတစ်စောင် ရောက်ပြီဆိုတာနဲ့ မှတ်ပုံတင်ဌာနမှာ စာရင်းသွင်းရပါတယ်၊ တိုင်ကြားစာစိစစ်ရေး ကော်မတီကိုပေးပို့ပြီးတော့မှ တိုင်စာကိုစိစစ်ခြင်းလုပ်ငန်း လုပ်ရပါတယ်၊ ကော်မရှင် အစည်းအဝေးတင်ပြီးတော့မှ အဂတိ တိုက်ဖျက်ရေးဥပေဒနဲ့ ညီမညီ စိစစ်ပြီးတော့မှ ရှိတယ်ဆိုရင်တော့ စုံစမ်းစစ်ဆေးတာတွေကို လုပ်ပါတယ်ခင်ဗျ"
တိုင်းလွှတ်တော်အတွက် ကား ၅ စီး ဝယ်ယူတဲ့အစုအဖွဲ့ထဲမှာ ဦးစံမင်းအောင်အပြင် တခြားပါဝင်ပတ်သက်သူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် အရေးယူမှုတွေက မျှတဖို့လိုအပ်တယ်လို့လည်း ဝေဖန်ထောက်ပြသူတွေရှိပါတယ်။
ဝါးခယ်မမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက အခုလို ပြောပါတယ်။
"အဂတိလိုက်စားတာနဲ့ ပတ်သက်လို့ကတော့ တိုင်မှတိုင်မှဆိုတာထက် သတင်းတွေအများကြီးတော့ လာပေးကြတယ်၊ မြို့နယ်တွေမှာလည်း ဒီလိုပဲ၊ တစ်ကယ်တမ်း ထိထိရောက်ရောက်တိုင်ဖို့ဆိုရင် သက်သေထွက်ဖို့က ကြောက်ကြတယ်၊ ကြောက်နေတဲ့ စိတ်ဓာတ်တွေရှိနေလို့ကတော့ အဂတိကမပေါ်နိုင်သေးဘူး၊ ဖြစ်စေချင်တာက ကျော်ကြားရှိတဲ့သူတွေကိုပေါ့လေ၊ စစ်ဆေးရမယ် မေးမြန်းရမယ် ကွင်းဆင်းရမယ်ပေါ့နော်၊ ဒီဟာက အမှန်တစ်ကယ်ပြီးပြတ်သွားဖို့ဆိုရင် အများကြီးလိုသေးတယ၊် လူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ အားနည်းနေသေးတယ်၊ အမှန်တရား ဖော်ထုတ်ချင်တဲ့သတ္တိတွေ သိပ်နည်းနေသေးတယ်၊ ဖော်ထုတ်မယ့်လူက လိုအပ်နေတာကို"
ကာယကံရှင်ဖြစ်တဲ့ ဦးစံမင်းအောင်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ဦးစံမင်းအောင်ဟာ လွှတ်တော်ဘက်ဂျက်နဲ့ ဝယ်ယူခဲ့တဲ့ ကား ၅ စီးထဲမှာ တစ်စီးကိုတော့ သူတစ်ဦးတည်းအတွက် အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။