၂၀၀၇ သံဃာ့အရေးအခင်း (၃) နှစ်ပြည့် အခမ်းအနား ရန်ကုန်မှာကျင်းပ
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ ရှိတဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ခင်အေး နေအိမ်မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အတွင်း ကျဆုံးခဲ့တဲ့ သံဃာတော်တွေကို ရည်စူးပြီး သံဃာတော် ၅ ပါးကို ဒီနေ့မနက် ၆ နာရီက အရုဏ်ဆွမ်း ကပ်လှူ ရေစက်ချ အမျှပေးဝေခဲ့တယ်လို့ သတင်းရရှိပါတယ်။
-
2010-09-26 -
-
-
အခမ်းအနားကို ကမကထ ပြုတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ခင်အေးက အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။
“စက်တင်ဘာ သံဃာတော်တွေ သွေးမြေကျခဲ့ရတဲ့ အကြောင်းတွေနဲ့ ပတ်သက်လို့ စကားနည်းနည်း ပြောပါတယ်။ ၂၀၀၇ ခု စက်တင်ဘာ ၂၆ ရက်နေ့မှာ သံဃာတော်တွေက ဒကာဒကာမတွေ ဆင်းရဲခြင်း၊ ပင်ပမ်းခြင်း၊ စိတ်ကျဉ်းကြပ် ဖိစီးခြင်း၊ အကျဉ်းသားတွေ လွတ်မြောက်ခြင်း ကျန်းမာစေခြင်း ရည်ရွယ်ချက်နဲ့ လမ်းမပေါ်တွေမှာ ထွက်ပြီး မေတ္တာသုတ် ရွတ်ကြတယ်လို့။ အကြမ်းဖက် တိုက်ခိုက်တယ်၊ သံဃာတော်တွေ ကျိုးကြပဲ့ကြတယ်၊ ဒါတွေကို ဒီနေ့ ၃ နှစ်မြောက်တဲ့နေ့မှာ မမေ့မလျော့အောင် ကျမတို့က နောင်လာနောက်သားတွေ အမှတ်ရစေဖို့အတွက် ကျမတို့ ပြုသမျှ ကုသိုလ်ကောင်းမှုတွေကို ရေစက်သွန်းချ အမျှ ပေးဝေပါတယ်”
အခမ်းအနားကို မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး MDC အဖွဲ့၊ ကုန်ဈေးနှုန်း ကျဆင်းရေး အိမ်ရှင်မများအဖွဲနဲ့ ကုန်ဈေးနှုန်းကျဆင်းရေး တကိုယ်တော် ဆန္ဒဖော်ထုတ်သူ ဦးသိန်းဇံအဖွဲ့နဲ့ အင်္ဂါ ဝတ်ပြုဆုတောင်းအဖွဲ့တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ အပါအဝင် NLD အမတ် သခင်အုံးမောင်တို့လည်း တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနား ကို မနက် ၈ နာရီကနေ ညနေပိုင်းအထိ ကျင်းပခဲ့ပြီး စုစုပေါင်း လူ ၄ ရာလောက် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။