ရွှေဝါရောင်တော်လှန်ရေး လေးနှစ်ပြည့် သံဃာ့အဖွဲ့များ ကြေညာချက်ထုတ်ပြန်

သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အရပ်သားအစိုးရ အဖြစ် လူထုက ယုံကြည် လက်ခံစေချင်တယ်ဆိုရင် ဖမ်းဆီးထားတဲ့ သံဃာတော်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဦးစွာ လွှတ်ပေးဖို့ လိုအပ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့် အခါသမယမှာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကာလတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းသော သံဃာများ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော်မှ ဆင်းလာပြီး မြို့တွင်းသို့ စီတန်းလှည့်လည် ကြွချီတော်မူနေကြပုံ ဖြစ်ပါသည်။ AFP

ရွှေဝါရောင်တော်လှန်ရေး ကတည်းက သံဃာတော်တွေ တောင်းဆိုထားတဲ့ အချက်တွေကို တစုံတရာ လိုက်လျော လုပ်ဆောင်ပေးခြင်း မရှိတဲ့အပြင် အကျဉ်းထောင်တွေထဲမှာ သံဃာတော် (၂၂၂) ပါး အကျဉ်းချခံထားရဆဲ ဖြစ်တယ်လို့ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော်တပါး ဖြစ်တဲ့ ဦးဓမ္မဝံသ က မိန့်ကြားပါတယ်။

“ဒီမိုကရေစီ စနစ်နဲ့ တကယ်သွားနေပါတယ်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တဲ့ အစိုးရတရပ်အဖြစ် ရပ်တည်နေပါတယ် ဆိုတာကို သက်သေပြချင်ရင် ချိတ်ပိတ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ပြန်ဖွင့်ပေးဖို့၊ ဖမ်းဆီးထားတဲ့ ရဟန်းသံဃာတွေကို ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုပါတယ်”

ဒါ့အပြင် တိုင်းပြည် စည်းလုံးညီညွတ်ရေး ရရှိဖို့အတွက် တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်ပြီး ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး ဆောင်ရွက်ဖို့ုလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံသား အားလုံး စိတ်ထိခိုက် နာကျင်စေမယ့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့်ဖို့လည်း သံဃာ့ တပ်ပေါင်းစုရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အလားတူ ရွှေဝါရောင်တော်လှန်ရေး ၄နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာပြည်တွင်းက “ရဟန်းပျိုများ သမဂ္ဂ” လည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ကြေညာချက်မှာ- ရွှေဝါရောင် အရေးအခင်းမှာ အသက်ပေးလှူ သွားသူတွေကို ဂုဏ်ပြုလိုက်သလို အာဏာရှင်အမွေကို ဆက်ခံတဲ့ အစိုးရကို ရာဇဝတ်ကောင် အနေနဲ့သာ အသိအမှတ်ပြုတယ်လို့ ဖော်ပြထားပါတယ်။

သံဃာ့တပ်ပေါင်းစုရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး သံဃ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ ဦးဓမ္မဝံသကို ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org