နယ်စပ်ခြံစည်းရိုးမှာ နေသူတွေကို ဘင်္ဂလားဒေ့ရှ် ထောက်ပံ့နေ

ရခိုင်ပြည်နယ်က ထွက်ပြေးပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ် မှာ နေထိုင်လျက်ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အစားအစာနဲ့ တခြား အကူအညီတွေ ထောက်ပံ့နေတယ်လို့ သိရပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံအကြားမှာ နေထိုင်တဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဉ် Photo: BenarNews

ရခိုင်ပြည်နယ်က ထွက်ပြေးပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ်မှာ နေထိုင်လျက် ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အစားအစာနဲ့ တခြားအကူအညီတွေ ထောက်ပံ့နေတယ် လို့ သိရပါတယ်။

ဘီနာသတင်းဌာနရဲ့ မနေ့က ထုတ်ပြန်တဲ့သတင်းမှာ အဲဒီဒေသမှာ နေထိုင်တဲ့သူတွေကို ရခိုင်ပြည်နယ်ပြန်ခေါ် ဖို့ ဆောင်ရွက်နေတဲ့အတွက် အကူအညီတွေ မပေးဖို့ မြန်မာဘက်က ပြောကြားထားတာကို ဘင်္ဂလားဒေ့ရှ်အစိုးရ က ဥပက္ခာပြုပြီး ထောက်ပံ့နေတယ်လို့ ဖော်ပြထားပါတယ်။

နေရပ်စွန့်ခွာသွားသူတွေ ပြန်လည် နေရာချထားရေးနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁ဝ ရက်နေ့က နေပြည်တော် မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးတွေ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်အရဆိုရင် နယ်ခြားဒေသ နိုင်ငံတကာပိုင်နက် နဲ့ မြန်မာပိုင်နက် ခြံစည်းရိုးအကြား နေထိုင်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ဖို့ အတွက် မြန်မာနိုင်ငံဘက်ရှိ အဖွဲ့အစည်းတွေကသာ ဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူထားပါတယ်။ ဒါပေမဲ့ မနေ့ကရတဲ့ သတင်းအရဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်ကူညီရေးနဲ့ ပြန်ပို့ရေးဆိုင်ရာ ကော်မရှင်မင်းကြီး Abul Kalam Azad အဘူကလန် အာဇတ်က သူတို့ အစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီရေးနဲ့ ပတ်သက်ပြီး တရားဝင် ဆုံးဖြတ်ထားတာ မရှိဘူး၊ ဒါကြောင့် အဲဒီနှစ်နိုင်ငံနယ်ခြားဒေသမှာ နေသူတွေဟာ အကူအညီတွေ ရရှိနေတဲ့အတွက် အခုလို ဆက်လက်နေထိုင် နိုင်ကြတာဖြစ်တယ်လို့ Benar News ကိုပြောကြားကြောင်း သိရပါတယ်။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ စာရင်းအရ အဲဒီ နယ်ခြားခြံစည်းရိုးအကြားမှာ မွတ်စလင်ဒုက္ခသည် မိသားစု ၁၃ဝဝ နေထိုင်လျှက်ရှိပါတယ်။  အဲဒီသူတွေက သူတို့မှာ စားစရာ အလုံအလောက် ရှိကြောင်း၊ ဒါပေမဲ့ သောက်စရာရေနဲ့ အိမ်သာမလုံလောက်မှု အခက်အခဲရှိကြောင်း၊ မြန်မာနိုင်ငံကို လက်ရှိအခြေ အနေအတိုင်း မပြန်လိုသေးပဲ ဂုဏ်သိက္ခာရှိစွာ ပြန်လိုကြောင်း ပြောပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရက ၂ နိုင်ငံနယ်ခြားမှာနေသူတွေကို ကူညီနေတဲ့ သတင်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ထံက တုံ့ပြန်ပြောကြားချက် တစ်စုံတရာ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org