မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတိုင်း ဆက်သွားဖွယ်ရှိ
မြန်မာနိုင်ငံဟာ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတိုင်း ဆက်သွားနေဖွယ် ရှိတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Robert Hormats က ဝါရှင်တန် နိုင်ငံတကာ ကုန်သွယ်ရေးအဖွဲ့ကို မနေ့က ပြောဆိုလိုက်ပါတယ်။
-
2012-07-31 -
-
-
ဒါပေမဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရှုပ်ထွေးတဲ့ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်နဲ့တော့ ရင်ဆိုင် ကြရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
အခုဆိုရင် မြန်မာပြည်သူတွေကြားမှာ လွတ်လပ်ခွင့်နဲ့ စီးပွားရေး ဖွံဖြိုးမှု မျှော်လင့်ချက်တွေ တိုးပွားလာနေတာကြောင့် အစိုးရ အနေနဲ့ နောက်ပြန်ဆုတ်ဖို့ မလွယ်ပါဘူး၊ ဒါပေမဲ့ အစိုးရမှာ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ ရှားပါးလှတယ်လို့ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ မစ္စတာ Robert Hormats က ပြောပါတယ်။
ဒါ့အပြင် မြန်မာအစိုးရက မျှော်လင့်နေသလို အမေရိကန် ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုံးအရင်းနဲ့ ဝင်လာဖို့ မလွယ်ကူသေးကြောင်း၊ မြန်မာပြည်ဟာ ရှုပ်ထွေးတဲ့ နေရာတစ်ခုဖြစ်တာနဲ့ အညီ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အတော်လေး သတိထားနိုင်မှ တော်ကာကျမှာ ဖြစ်ကြောင်း၊ ရှုပ်ထွေးမှုတွေထဲက တစ်ခုက တိုင်းရင်းသား လူမျိုးစု ပြဿနာဖြစ်ကြောင်း မစ္စတာ Robert Hormats က ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြောဆိုခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အရှုပ်တော်ပုံတွေကနေ ရှင်းလင်း လွတ်ကင်းအောင် အမှန်တကယ် ဆောင်ရွက်မယ်ဆိုရင် သူတို့အနေနဲ့ ရင်ဆိုင်ရမယ့် ဆန့်ကျင်ဘက် ပြဿနာတွေ ရှိနေတယ် ဆိုတာ နားလည်သလို ရှိကြောင်းလည်း အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Robert Hormats က ပြောဆိုပါတယ်။