မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု ထက်ဝက်ကျော် ကျဆင်း
အခုနှစ် ၉ လတာအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ဆန်တင်ပို့မှုဟာ ၆၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားတယ်လို့ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့က နောက်ဆုံး ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
-
2010-12-20 -
-
-

Your browser doesn’t support HTML5 audio
မနှစ်က ဧပြီလကနေ ဒီဇင်ဘာလအတွင်း ဆန်တင်ပို့မှုဟာ တန်ချိန် ၆ သိန်းခွဲ ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ တန်ချိန် နှစ်သိန်းကျော်ပဲ ရှိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက CSO ဗဟိုစာရင်းအင်းအဖွဲ့က စာရင်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ပုံမှန် ကုန်သွယ်ရေးမှာရော၊ နယ်စပ် ကုန်သွယ်ရေးမှာပါ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
အခုလို ဆန်ပို့ကုန် ဆိုးဆိုးဝါးဝါး ကျဆင်းသွားတဲ့ အဓိက အကြောင်းရင်းဟာ ဒေါ်လာငွေ ဈေးနှုန်း ကျဆင်းမှုကြောင့် ဆန်ကုမ္ပဏီတွေ တင်ပို့ဖို့ တွက်ခြေမကိုက်တဲ့ အတွက် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောပါတယ်။
“ကျွန်တော်တို့ ကျပ်ငွေက တန်ဖိုးတက်လာလို့ပါ။ ကျပ်ငွေ တန်ဖိုးတက်လာတော့ နိုင်ငံခြားငွေဈေးနဲ့ ကျပ်ငွေတန်ဖိုးနဲ့ exchange rate ကွာသွားတဲ့အခါကျတော့ ပြည်တွင်းဈေးက နည်းနည်း မြင့်နေတာပေါ့။”
အခုနှစ်အတွင်း ပြည်ပ ဆန်တင်ပို့မှုတွေကို အာဏာပိုင်တွေဖက်က ထိန်းချုပ် ကန့်သတ်တာ မရှိပေမဲ့ ပြည်ပ ဆန်တင်ပို့ရေးထက် ပြည်တွင်းဖူလုံရေးကို ဦးစားပေးတဲ့ မူဝါဒကြောင့်အပြင် နိုင်ငံတကာမှာ ဒေါ်လာငွေတန်ဖိုး ဆက်လက် ကျဆင်းနေတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှု ခုလို ထိုးကျသွားတာဖြစ်တယ်လို့ ရန်ကုန်မြို့က စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်ပါတယ်။
“ဒီနှစ်မှာတော့ အစိုးရက ခွင့်ပြုတာပဲ။ ခွင့်ပြုတာ ခွင့်ပြုလျက်သားနဲ့ကို မပို့နိုင်တာ။ အစိုးရက ပိတ်တာမဟုတ်ဖူး၊ ကိုယ့်ဟာကိုယ် မကိုက်လို့ မပို့ကြတာ။”
မြန်မာနိုင်ငံဟာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုကနေ ဒေါ်လာသန်း ၂၅၀ ကျော် ဝင်ငွေ ရရှိခဲ့ပါတယ်။ အခုနှစ် မြန်မာနိုင်ငံ ဆန်တင်ပို့မှု တဟုန်ထိုး ကျဆင်းသွားတာနဲ့ ပတ်သက်လို့ စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |