ရိုက်တာအမှု ဒီနေ့ စီရင်ချက်ချမည်

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး အမှုကို ဒီနေ့ တရားရုံးက စီရင်ချက်ချမှတ်မှာဖြစ်ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈ ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ် Photo: Htet Arkar/RFA

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦး အမှုကို ဒီနေ့ တရားရုံးက စီရင်ချက်ချမှတ်မှာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် သတင်းထောက် ကိုဝလုံးနဲ့ ၂၈ နှစ်အရွယ် ကိုကျော်စိုးဦး တို့အပေါ် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်မယ်ဆိုရင် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်ပါတယ်။

တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေက နောက်ဆုံးအကြိမ် လျှောက်လဲချက်တွေ တင်ခဲ့ကြပါတယ်။ တရားလို ရှေ့နေ ဦးကျော်မင်းအောင် က သတင်းထောက်တွေရဲ့ လက်ကိုင်ဖုန်းတွေအတွင်း ရက္ခိုင့်တပ်မတော် AA က ဒုတိယ စစ်ဦးစီးမှူး ညိုထွန်းအောင်ရဲ့ ဖုန်းနံပါတ်ကိုတွေ့တာကြောင့် သတင်းထောက်တွေဟာ သတင်းအချက်အလက်တွေ ကို သောင်းကျန်းသူတွေထံပေးဖို့ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်၊ နိုင်ငံတော် ဘေးအန္တရာယ် ကျရောက် သွားနိုင်ကြောင်း၊ သတင်းထောက်တွေဟာ အမျိုးသားအကျိုးစီးပွားထက် ရိုက်တာသတင်းဌာနရဲ့ အကျိုးအတွက် သာ အလုပ်လုပ်နေကြတာဖြစ်ကြောင်း၊ ရိုက်တာဟာ သတင်းရောင်းစားနေတဲ့ နိုင်ငံခြား သတင်းဌာန တစ်ခုဖြစ်ပြီး၊ သတင်းထောက်တွေကို ဒေါ်လာပေးပြီး ခိုင်းနေတာဖြစ်ကြောင်း လျှောက်လဲခဲ့ပါတယ်။

သတင်းထောက်တွေရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ဟာ သတင်းထောက်တွေဖြစ် ကြပြီး၊ သူလျှိုတွေအဖြစ် တရားရုံးက စစ်ဆေးနေတာ မဟုတ်ကြောင်း၊ အစိုးရကလည်း ရိုက်တာသတင်းဌာန ကို နိုင်ငံ့ရန်သူအဖြစ် သတ်မှတ်မထားကြောင်း၊ သတင်းသမားတွေရဲ့ဖုန်းထဲမှာ အဲဒီလို ဖုန်းနံပါတ်တွေ ရှိနေတာဟာ သတင်းရယူဖို့အတွက်သာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။

၈ လကြာမြင့်တဲ့ ဒီအမှုအတွက် တရားလိုပြသက်သေ ၂၃ ဦးနဲ့ တရားခံပြသက်သေ ၄ ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။ ကြားနာ စစ်ဆေးခဲ့တဲ့ တရားခွင်တိုင်းမှာ သူတို့ဟာ သတင်းအလုပ်ကိုသာ ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး၊ ရဲတပ်ဖွဲ့ရဲ့ ထောင်ချောက်ဆင် ဖမ်းဆီးတာ ခံခဲ့ရတာဖြစ်ကြောင်း သတင်းထောက်နှစ်ဦးက ထွက်ဆိုခဲ့ကြပါတယ်။ သက်သေတဦးဖြစ်တဲ့ ဒု ရဲမှူး မိုးရန်နိုင် ကလည်း အကြီးတန်းရဲအရာရှိတဦးက သတင်းထောက်တွေ ကို ထောင်ချောက်ဆင်ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တာကြားခဲ့ရကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကနေ စတင်ဖမ်းဆီးထားဖြစ်ပြီး ပြည်တွင်း ၊ ပြည်ပ သတင်းမီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခေါင်းဆောင်တချို့ကပါ သူတို့ ၂ ဦး ကို ပြန်လွှတ်ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org