ရိုက်တာစ်သတင်းထောက်များအမှု အကြံပေးအဖွဲ့က စွက်ဖက်မှာ မဟုတ်ဟုဆို
ရခိုင်ပြည်နယ်ဆိုင်ရာ အရေးကိစ္စတွေ အကြံပေးဖို့ရောက်နေတဲ့ နိုင်ငံတကာအကြံပေးအဖွဲ့ ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုထိန်းသိမ်းခံထားရတဲ့ ရိုက်တာစ် သတင်းထောက် နှစ်ယောက်ကိစ္စကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ အကြံပေးအဖွဲ့ရဲ့ဥက္ကဌ ဆူရာကီယတ် က ဒီကနေ့ထုတ်ဝေတဲ့ သတင်းစာမေးမြန်းခန်းတခုမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
-
2018-01-29 -
-
-
ရခိုင်ပြည်နယ်ဆိုင်ရာ အရေးကိစ္စတွေ အကြံပေးဖို့ရောက်နေတဲ့ နိုင်ငံတကာအကြံပေးအဖွဲ့ဟာ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုထိန်းသိမ်းခံထားရတဲ့ ရိုက်တာစ်သတင်းထောက် နှစ်ယောက်ကိစ္စကို ဝင်ရောက် စွက်ဖက်မှာမဟုတ်ဘူးလို့ အကြံပေးအဖွဲ့ရဲ့ဥက္ကဌ ဆူရာကီယတ် က ဒီကနေ့ထုတ်ဝေတဲ့ သတင်းစာမေးမြန်းခန်း တခုမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ရိုက်တာစ်သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့အမှုကို လာမယ့်ကြာသပေးနေ့မှာ ဆက်လက်စစ်ဆေး မှာဖြစ်ပါတယ်။
သတင်းထောက်တွေရဲ့အမှုဟာ အတိုင်းအတာတခုကို ကျော်လွန်သွားပြီဖြစ်လို့ ဘုတ်အဖွဲ့အနေနဲ့ ဝင်ရောက် စွက်ဖက်သင့်တဲ့ အနေအထား မဟုတ်တော့ဘူးလို့ ယူဆကြောင်း ထိုင်းနိုင်ငံခြားရေးဝန်းကြီးဟောင်းဖြစ်သူ နိုင်ငံတကာအကြံပေးအဖွဲ့ဥက္ကဌ ဆူရာသီယတ်က ပြောပါတယ်။
သူတို့တွေရဲ့အမှုဟာ အဖွဲ့က ဝင်ရောက်အကြံပေးနိုင်တဲ့ အဆင့်ကိုကျော်လွန်နေပြီဖြစ်ပါတယ်။ အကယ်၍ ဖမ်းဆီးစဉ်ကာလကသာဆိုရင်တော့ တစ်စုံတခု လုပ်ကောင်းလုပ်ပေးနိုင်ပါလိမ့်မယ်လို့ ဆူရာသီယတ်က the Global New Light of Myanmar မြန်မာ့အလင်း အင်္ဂလိပ်သတင်းစာကို ပြောပါတယ်။
ရိုက်တာစ်သတင်းထောက် နှစ်ယောက်ကိစ္စကို အမျိုးသားလုံခြုံရေးဝန်ကြီး ဦးသောင်းထွန်းနဲ့ ပြောဆိုတဲ့အခါ သူတို့ကို ဥပဒေနဲ့အညီ တရားမျှတတဲ့လမ်းကြောင်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ဦးသောင်းထွန်း ကပြောဆိုခဲ့ကြောင်းနဲ့ လူတိုင်းဟာ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရပါလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့သီတင်းပတ်က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအဖွဲ့ဝင် အမေရိကန်ဝန်ကြီးဟောင်းနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘီလ် ရစ်ချတ်ဆင် Bill Richarsonဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ် အဲဒီသတင်းထောက် နှစ်ယောက်ကိစ္စပြောဆိုခဲ့ပြီး အငြင်းပွားရာကနေ နောက်ပိုင်းမှာ အကြံပေးအဖွဲ့ ဝင်အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။
ရိုက်တာစ်သတင်းထောက် ၂ ယောက်ရဲ့ကိစ္စဟာ ရခိုင်အကြံပေးကော်မီတီလုပ်ဆောင်ရမယ့် အလုပ်ထဲမှာ မပါပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့တယ်လို့ ဘီလ် ရစ်ချတ်ဆင်က ပြောပါတယ်။