ကိုဖုန်းမော် ကျဆုံးတဲ့နေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေး သင့်ကြောင်း တောင်းဆို
၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပေါ်လာဖို့ အစပျိုးလိုက် တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာထိမှန်ပြီး ကျဆုံးခဲ့တဲ့ ၂၅ နှစ်မြောက်နေ့ကို တရားဝင် အစိုးရရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးသင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
-
2013-03-13 -
-
-
Your browser doesn’t support HTML5 audio
၈၈၈၈ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပေါ်လာဖို့ အစပျိုးလိုက်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာထိမှန်ပြီး ကျဆုံးခဲ့တဲ့ ၂၅နှစ်မြောက်နေ့ကို တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
၁၉၈၈ ခုနှစ်က စက်မှုတက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တဲ့နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် အတိုက်အခံ နိုင်ငံရေးပါတီတွေ လူ့အခွင့်အရေးအဖွဲ့တွေက သတ်မှတ်ကျင်းပနေတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကျောင်းသားတွေ ကျဆုံးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ ငွေရတုအထိမ်းအမှတ်ကို ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
တိုင်းပြည်အတွက် အသက်စတေးသွားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေကို အများပြည်သူကမမေ့ဖို့ လိုအပ်တဲ့အတွက် အစိုးရအဖွဲ့အနေနဲ့ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မတရားဥပဒေတွေ ဖျက်သိမ်းရေး၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ပြဌာန်းရေး၊ ကျောင်းသားသမဂ္ဂတွေနဲ့အတူ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပိုမိုလွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ပေးရေး၊ လူ့အခွင့်အရေးနေ့ကို တရားဝင်အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရေးအစရှိတဲ့ အချက်တွေပါဝင်တဲ့ သဘောထားကြေညာချက်ကိုလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ကျင်းပရေးကော်မတီက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ် မတ်လ ၁၃ရက်နေ့ ညနေ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းဝင်းအတွင်း လုံထိန်းတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးနဲ့ သေနတ်တွေ ပစ်ခတ်ခဲ့တာတွေကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေနတ်ကျည်ဆံတွေထိမှန်ပြီး ကိုဖုန်းမော် အသက်သေဆုံးသွားခဲ့ကာ ကိုစိုးနိုင်ကတော့ ဧပြီလ ၅ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့အခမ်းအနားမှာ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ပြောကြားချက်ကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့ရတဲ့ အမှတ်တရအခမ်းအနား ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုမိုးကျော် တင်ပြထားပါတယ်။