ရှမ်းလက်နက်ကိုင် နှစ်ဖဲ့ွ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ RCSS နဲ့ SSPP ရှမ်းလက်နက်ကိုင် နှစ်ဖဲ့ွ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ RCSS ပိုင် Tai Freedom ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ RCSS နဲ့ SSPP ရှမ်းလက်နက်ကိုင် နှစ်ဖဲ့ွ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ RCSS ပိုင် Tai Freedom ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီနေ့ မနက်က သီပေါမြို့နယ်အတွင်း RCSS တပ်စခန်းကို SSPP ဘက်က ထိုးစစ်ဆင်လာတဲ့အတွက် နားမခေါ်ကျေးရွာအုပ်စုနဲ့ နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စုတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့လည်း ပါရှိပါတယ်။

ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

နားမခေါ်ကျေးရွာအုပ်စုက ဟိုနားနဲ့ တွန်ကြိုင်းရွာကြားမှာ မနက် ၁၀နာရီလောက်ကစပြီး ၁နာရီခန့်ကြာ ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ သီပေါမြို့က နယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုးက RFA ကိုပြောပါတယ်။

အဲဒီရွာက ဒေသခံတွေဆီ ဆက်သွယ်မေးမြန်းချက်အရ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း RCSS/SSA နဲ့ SSPP တပ်တွေဟာ အဲဒီဒေသတွေမှာ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာကြောင့် ဒေသခံထောင်နဲ့ချီပြီး သီပေါမြို့ပေါ်ကို နေရပ်စွန့်ခွာထွက်ပြေးတာတွေ ရှိခဲ့ပါတယ်။

ဟိုနားရွာအုပ်စု ကုန်းဆော့ရွာကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တစ်ရာနီးပါးဟာ နားလွယ်ရွာမှာ ခုချိန်ထိ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

SSPP ကို ခုခံကာကွယ်ရုံကလွဲပြီး အပစ်ရပ်ကြောင်း RCSS ဖက်က မတ်လ ၂၀ရက်နေ့က ကြေညာခဲ့ပါတယ်။

RCSS ပိုင် Tai Freedom ဝက်ဘ်ဆိုက်မှာ ဒီနေ့ ဖော်ပြထားချက်အရ မတ်လ ၂၂၊ ၂၃ ရက်နေ့တွေမှာ RCSS တပ်စခန်းတွေကို SSPP ဘက်က ဗိုလ်မှူး စိုင်းဟန် ဦးဆောင်တဲ့တပ်ဖဲ့ွ နဲ့ TNLA ပူးပေါင်းတပ်ဖို့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် RCSS တပ်သား ၁ ဦး ကျဆုံးခဲ့တယ်လို့ ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org