ဝန်ကြီးချုပ် ဦးညီပု နဲ့ ဒေါက်တာမြင့်နိုင်တို့ ကတိသစ္စာပြု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တို့ဟာ ဒီနေ့ကျင်းပတဲ့ ပြည်နယ် လွှတ်တော်တွေမှာ ဝန်ကြီးချုပ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆို ခဲ့ကြပါတယ်။

ဧပြီလ ၁ ရက်နေ့က ကျင်းပတဲ့ ပြည်နယ်လွှတ်တော်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကျမ်းသစ္စာကျိန်ဆိုစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ဟာ ဒီနေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဝန်ကြီးချုပ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်သူတွေရဲ့ လူနေမှုဘဝတွေ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

"ရခိုင်ပြည်နယ်သူ ပြည်နယ်သားတို့၏ လူနေမှုဘဝ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းကုန် ကြိုးစားဆောင်ရွက်ပါမည် ဖြစ်ပါတယ်၊ နိဂုံးချုပ်အနေနဲ့ လွှတ်တော်ဥက္ကဌကြီး၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ထားသည့်အတိုင်း ပြည်သူပြည်သားများအတွက် တာဝန်ယူမှု တာဝန်ခံမှု ပွင့်လင်းမြင်သာမှုတို့ဖြင့် ပေးဆပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားအပ်ပါသည်"

တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးထိန်လင်းကို ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ ချင်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ဦးပုန်ဘွေကို ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဝန်ကြီးချုပ် ဦးညီပုက လွှတ်တော်မှာ အဆိုပြုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဒီမိုကရေစီကိုကူးပြောင်းရာမှာ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေ မထားကြဖို့နဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ အစိုးရအဖွဲ့ဝန်ကြီး အမည်စာရင်းတွေကို မကြာမီရက်ပိုင်းအတွင်း မှာ သက်ဆိုင်ရာလွှတ်တော်တွေဆီ တင်သွင်းကြမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org