ရခိုင်အရေးအကြံပြုချက် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ ဖွဲ့စည်း
ပြည်ပပညာရှင် ၅ ဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကို နိုင်ငံတော်သမ္မတက မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
-
2017-12-09 -
-
-
ပြည်ပပညာရှင် ၅ ဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင် ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကို နိုင်ငံတော်သမ္မတက မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီကော်မတီမှာ ပြည်ပက ပညာရှင်တွေ ပါဝင်တဲ့အတွက် ရခိုင်ပြည်နယ်မှာ အမှန်တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို အားလုံးသိရှိအောင် ဖြန့်ဝေနိုင်မယ့် အားသာချက်ရှိတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
"မြေပြင်ရဲ့ အခြေအနေကို သူတို့ကနေတဆင့် အားလုံးသိနိုင်တဲ့ အကြောင်းတရားတွေလည်း ရှိနိုင်တာပေါ့။ အဲဒါတွေကတော့ အားသာချက်ဖြစ်မှာပေါ့။ မြေပြင်ကို ကိုယ်တိုင်ကိုယ်ကျသွားပြီးတော့ သတင်းတွေ ဖြန့်ဝေနိုင်တယ်။ တကယ့်အဖြစ်မှန်တွေကို သိနိုင်တယ်။ အဲဒါတွေလည်း အားသာချက် တစ်ခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ အကြံပေးချက်လုပ်လို့ရမှာပေါ့။ ဒီအတိုင်းစိတ်ကူးယဉ်ပြီး အကြံပေးလို့မှမရတာ။ အဲဒါအားသာချက်ပေါ့။ ကိုယ့်နိုင်ငံထဲက လူနဲ့ပဲ ဆိုလို့ရှိရင်တော့ ကိုယ့်အချင်းချင်း ကိုယ်ပြန်ပြောနေတယ် ဖြစ်နေမှာပေါ့။ တကယ်တော့ နိုင်ငံ တကာကပါတယ်ဆိုတော့ ပိုပြီးတော့ ပွင့်လင်းမြင်သာတာပေါ့"
အကြံပေးအဖွဲ့နဲ့ ဘယ်လိုပေါင်းစပ်ဆောင်ရွက်ရမယ်ဆိုတာနဲ့ အကြံပေးအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကိုတော့ လက်ရှိအချိန်အထိ မသိရသေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။
ပြည်တွင်းပြည်ပ ပညာရှင် ၁၀ ဦးပါတဲ့ အကြံပေးအဖွဲ့မှာ အာရှငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကောင်စီ ဥက္ကဌဖြစ်တဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ စူရကီရတ်ဆာသီရာထိုင်း၊ ဆွီဒင်လွှတ်တော်အမတ် အာဘန်အလင်၊ အမေရိကန် စွမ်းအင်ဝန်ကြီးဟောင်း ဘီလ်ရစ်ချက်ဆန်၊ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း ရိုးလော့ဖ် စတဲ့ ပြည်ပပညာရှင် ၅ ဦး ပါဝင်ပါတယ်။
ဒါ့အပြင် ကိုဖီအာနန်ရဲ့ ရခိုင်အကြံပေးကော်မရှင်မှာ ပါဝင်ခဲ့တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမြ၊ အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဖြစ်တဲ့ အငြိမ်းစား သံအမတ်ကြီး ဦးလှမြင့် စတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။