အိမ်ထောင်စုစာရင်းကပ်ရမယ့် ညွှန်ကြားချက်ကို ဝန်ကြီးချုပ် တားမြစ်

ရခိုင်ပြည်နယ်အတွင်း နေအိမ်တွေရှေ့မှာ မိသားစုဓါတ်ပုံတစ်ပုံနဲ့ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ ၁ စောင်စီ ကပ်ထားကြဖို့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ညွှန်ကြား ထားတာကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြန်လည်တားမြစ်လိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၁၈၊ ဇန်နဝါရီ ၂၂ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း နေအိမ်တွေရှေ့မှာ မိသားစုဓါတ်ပုံတစ်ပုံနဲ့ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ ၁ စောင်စီ ကပ်ထားကြဖို့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ညွှန်ကြားထားတာကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြန်လည်တားမြစ်လိုက်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ရဲ့ ရမ်းဗြဲမြို့နယ် ခရီးစဉ်အတွင်းမှာ ပြည်သူတွေတင်ပြလာတော့မှ ဝန်ကြီးချုပ် က သိရတာဖြစ်ပြီး ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် အဲဒီညွှန်ကြားချက်ကို ရပ်စဲဖို့ နှုတ်နဲ့ ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် က RFA ကို ပြောပါတယ်။

သက်ဆိုင်ရာ ခရိုင်/မြို့နယ်တွေအလိုက် ကားလမ်းမတွေတစ်လျှောက် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့တွေက တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးအတွက် အိမ်ထောင်စု တစ်ခုချင်း အလိုက် အသေးစိတ် စိစစ်စစ်ဆေးဖို့ နေအိမ်တွေမှာ မိသားစုဓါတ်ပုံတစ်ပုံနဲ့ အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူ ၁ စောင်စီ ကပ်ထားကြဖို့ ညွှန်ကြားတာဖြစ်ပါတယ်။

ဒီညွန်ကြားချက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပေါင်းစပ် ညှိနှိုင်းရေးကော်မတီအစည်းအဝေးက ညွှန်ကြားချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီညွှန်ကြားချက်ကို ပြန်လည်လွှမ်းမိုးပယ်ဖျက်နိုင်မယ့် စာတစ်စောင် ပြန်လည်ထုတ်ပြန်ဖို့လည်း ဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့် က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org