ကုလအထူးကိုယ်စားလှယ် ကင်တားနား ဗီဇာတောင်းထား

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ရှေ့လအတွင်း သွားရောက်စုံစမ်း လေ့လာနိုင်ဖို့ မြန်မာအစိုးရသစ်ထံ စာရေး တောင်းဆိုလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက RFA ကို ပြောကြားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ် အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။ (UN Photo/ Eskinder Debebe) UN Photo/Eskinder Debebe

လာမဲ့ မေလအတွင်း မြန်မာနိုင်ငံကို သွားရောက်ခွင့် ရဖို့ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ဂျီနီဗာမြို့မှာ ရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတဆင့် စာရေးသား ဆက်သွယ် တောင်းဆိုလိုက်ပြီ ဖြစ် ပါတယ်၊ မြန်မာအစိုးရထံက တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေဆဲပါလို့ မစ္စတာ ကင်တားနား ပြောသွားပါတယ်။

မစ္စတာ ကင်တားနားဟာ လာမဲ့ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဒါ့ပြင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံဖို့ အကျဉ်းထောင်တွေကို သွားရောက်မှာ ဖြစ်သလို ကရင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကိုလည်း သွားရောက် လေ့လာမယ်လို့ ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ပြောဆို ထောက်ပြလေ့ ရှိတဲ့အတွက် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ခရီးစဉ်နောက်ပိုင်း မြန်မာနိုင်ငံကို နောက်ထပ် လာရောက်ဖို့ တောင်းဆိုချက်တွေကို စစ်အစိုးရက ငြင်းပယ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org