မစ္စတာ ကင်တားနား နေပြည်တော်မှာ အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ဒီကနေ့ နေပြည်တော်မှာ ပြန်ကြားရေး ဝန်ကြီးဌာနအပါဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကချင်ပြည် နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Tomas Quintana တို့ တွေ့ဆုံကြစဉ် photo: RFA/ Kyaw Myo Min

မန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ဒီကနေ့ နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာန အပါဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ပြန်ကြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကိစ္စတွေ အလေးထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် လွှတ်တော်ကိုပါ သွားရောက်ခဲ့တယ်လို့  မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်မှာ လိုက်ပါခဲ့သူ ရန်ကုန်ကုလသမဂ္ဂ ရုံး  ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို ပြောပါတယ်၊

"ဒီနေ့ မစ္စတာ ကင်တားနားက ပြန်ကြားရေး ဝန်ကြီးတွေရော၊ ဒုတိယဝန်ကြီးတွေရော တွေ့ ပါတယ်၊ ပြီးတော့ သမ္မတရုံးက ဝန်ကြီးဖြစ်တဲ့ ဦးစိုးသိမ်းနဲ့ ဦးအောင်မင်းကို တွေ့ပါတယ်၊ ပြီးတော့ နိုင်ငံတော်သမ္မတရဲ့ ဥပဒေ၊ နိုင်ငံရေး၊ စီးပွားရေး အကြံပေးနဲ့ တွေ့ပါတယ်၊ နောက် မစ္စတာ ကင်တားနားက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို သွားတွေ့တယ်၊ ပြီးတော့ ပညာရေး ဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနဲ့ ဆက်တွေ့ပါတယ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ တွေ့ပါတယ်၊ ပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာနနဲ့ တွေ့ပါတယ်၊ နောက်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ပါတယ်"

ဒါ့အပြင် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ ညနေပိုင်း နေပြည်တော်မှာတွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ မနက်ဖြန်မှာလည်း နောက်ထပ် အစိုးရအဖွဲ့ထဲက တာဝန်ရှိသူတချို့နဲ့ ထပ်မံတွေ့ဆုံအပြီး ရန်ကုန်ကိုပြန်မှာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေအနေတွေကို လေ့လာဖို့အတွက် အခုလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ လာရောက်နေတာဖြစ်ပြီး မနြက်ဖန် ညနေပိုင်း ရန်ကုန်ကနေ ပြန်မထွက်ခွာ ခင် လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်မှာ ဖြစ်ပါတယ်၊

ဒီခရီးစဉ်ဟာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်အဖြစ် ၆ နှစ်တာ တာဝန်ယူခဲ့တဲ့  Mr. Quintana အတွက် နောက်ဆုံးခရီးလည်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အစီရင်ခံစာကို လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားရဲ့ ဒီကနေ့ ခရီးစဉ်နဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org