တည်ဆဲဥပဒေတွေ ပြုပြင်ဖို့ ကင်တားနား တိုက်တွန်း

မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ တည်ဆဲ ဥပဒေတွေကို လူ့အခွင့်အရေးနဲ့ ကိုက်ညီအောင် ပြုပြင်ဖို့ လိုအပ် ကြောင်း နေပြည်တော်မှာ ရောက်ရှိ နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက လွှတ်တော် ခေါင်းဆောင်တွေကို ဒီကနေ့ တိုက်တွန်း ပြောကြား လိုက်ပါတယ်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တပ်မတော်ဘက် ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် မြင်ကွင်းဖြစ်ပါသည်။ AFP PHOTO/POOL/Soe Zeya Tun

အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌနဲ့ လွှတ်တော် ကော်မတီ (၁၂) ခုက ဥက္ကဌတွေနဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ရာမှာ အခုလို တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေပါ။ တည်ဆဲဥပဒေတွေကို ပြုပြင်ပေးဖို့။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို လွှတ်တော်က တတ်နိုင်သလောက် လုပ်ပေးဖို့။ လက်ရှိ ဥပဒေတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍလေးတွေမှာ ပြုပြင် သင့်တဲ့ ဥပဒေတွေကို ပြုပြင်သွားဖို့ ပြောတယ်။ ပြီးတော့ လွှတ်တော် နှစ်ကြိမ် အောင်မြင်စွာ ကျင်းပတာကို ဝမ်းသာတဲ့ အကြောင်းလဲ ပြောပါတယ်”

လွှတ်တော် ခေါင်းဆောင်တွေ ဘက်ကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကော်မတီအပါအဝင် လွှတ်တော် အတွင်း ကော်မတီတွေ ဖွဲ့စည်းထားပြီး အခြေအနေတွေကို မစ္စတာ ကင်တားနားကို ပြန်လည် ရှင်းပြ ခဲ့ကြတယ်လို့ သိရပါတယ်။

မစ္စတာ ကင်တားနားနဲ့ အမျိုးသားလွှတ်တော် ခေါင်းဆောင်တွေ တွေ့ဆုံပွဲရှိတာကြောင့် မနက်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကို နေ့လည် တနာရီမှာ ပြောင်းရွှေ့ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ အမျိုးသား လွှတ်တော်မှာ ကျန်းမာရေး၊ ပညာရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေ ပြဌာန်းဖို့ မူကြမ်း အဆို တင်သွင်းမှုတွေ ရှိခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးတွေက ပြန်လည် ရှင်းလင်းခဲ့ကြ တယ်လို့ သိရပါတယ်။

မစ္စတာ ကင်တားနားနဲ့ မြန်မာ လွှတ်တော် ခေါင်းဆောင်တွေ တွေ့ဆုံမှု အပါအဝင် ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်း ထားတာ နားဆင် နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org