ဖျာပုံမြို့နယ် NLD ရပ်ကျေးဥက္ကဋ္ဌဟောင်းနဲ့ လူငယ်လေးဦး နှစ်ရှည်ထောင်ချခံရ

ဖျာပုံမြို့နယ် ချောင်းတွင်းရွာက NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌဟောင်းနဲ့ သားနှစ်ဦး အပါအဝင် လူငယ် လေးဦးကို ဖျာပုံခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချလိုက်ပါ တယ်။

ဖျာပုံမြို့တစ်နေရာအား ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က တွေ့ရစဥ်။

[Update: 12: 20 PM, Aug 1, 2024]

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ချောင်းတွင်းရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရပ်ကျေး ဥက္ကဋ္ဌဟောင်းနဲ့ သားနှစ်ဦး အပါအဝင် လူငယ် လေးဦးကို ဖျာပုံခရိုင်တရားရုံးက ဇူလိုင်လ ၂၉ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ နှစ်ရှည် ထောင်ဒဏ်တွေချလိုက်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌဟောင်း ဦးသန်းလွင်နဲ့ လူငယ်နှစ်ဦးကို ဒရုန်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ခဲ့တယ်ဆိုပြီး ဖျာပုံခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၁(ဂ)၊ ၅၂(ဃ)၊ ၅၂ (ည)၊ ၅၂ (ဇ) တို့နဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဦးသန်းလွင်ကို ထောင်ဒဏ် အနှစ် နှစ်ဆယ်နဲ့ လူငယ်နှစ်ဦးဖြစ်တဲ့ ကိုထက်လင်းကို ထောင်ဒဏ် ၃၅ နှစ်၊ ကိုအောင်လှိုင်းကိုကို ကို ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့တယ်လို့ ဖျာပုံမြို့ခံတွေက ပြောပါတယ်။

ဦးသန်းလွင်ရဲ့ သားဖြစ်သူ ကိုစန်းကိုကိုနဲ့ ကိုသူရစိုးတို့လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)နဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာပဲ ထောင်သုံးနှစ်ချမှတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖျာပုံမြို့ခံတစ်ဦးကတော့ ဦးသန်းလွင်ကို အမိန့်ချတဲ့နေ့မှာပဲ ပုသိမ်အကျဉ်းထောင်ကို ပို့လိုက်ပြီး ကျန်တဲ့သူတွေ ဖျာပုံထောင်မှာပဲ ဆက်ရှိနေသေးတယ်လို့ RFA ကို ပြောပါတယ်။

“သူတို့ စုစုပေါင်း ငါးဦးကိုတော့ ၂၉ ရက်နေ့က အမိန့်ချတာပါ။ ဦးသန်းလွင်ကိုတော့ အဲဒီနေ့ကပဲ ပုသိမ်ထောင်ကို ပို့လိုက်ပြီပေါ့နော်။ သူ့သား နှစ်ယောက်ကိုတော့ ဖျာပုံထောင်မှာ ထားမယ်ထင်တယ်။ လောလောဆယ် မရွှေ့သေးဘူး။ နောက်ပြီး ထက်လင်းနဲ့ ကိုအောင်လှိုင်းကိုကို ကတော့ သူတို့ ဘယ်ကိုပို့မယ် မသိသေးဘူး”

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ချောင်းတွင်းရွာမှာ ဦးသန်းလွင်နဲ့ သူ့ရဲ့သားနှစ်ဦးအပါအဝင် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ဖျာပုံမြို့က ဒေသခံသုံးဦးနဲ့ ကျိုက်လတ်မြို့နယ်က ဒေသခံတစ်ဦးလည်း ဆက်လက်ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူ ကိုးဦးထဲက ဦးသန်းလွင်နဲ့ လူငယ်လေးဦးကို အခုလို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က သြဂုတ်လ ၁ ရက်နေ့ ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ သုံးသောင်းနီးပါးရှိလာပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉,၃၇၄ ဦး) ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org