နိုင်ငံရေး အကျဉ်းသားတစ်ဦး အထမ်းသမားအဖြစ် ရှေ့တန်း အပို့ခံရ

နိုင်ငံရေးအကျဉ်းသား တစ်ဦး ပေါ်တာအထမ်းသမားအဖြစ် ရှေ့တန်း အပို့ခံခဲ့ရပြီး ရှေ့တန်းမှာ မိုင်းထိမှန်ကာ ခြေတစ်ဘက် ပြတ်သွားပါတယ်။

အဲဒီ ခြေတစ်ဘက်ပြတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုတင်ထွန်းအောင်ကို မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးရုံ တင်ထားရာက သမ္မတ ဦးသိန်းစိန် ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နေ့ မတိုင်ခင် စက်တင်ဘာ ၂၅ ရက်နေ့က မင်္ဂလာဒုံ စစ်ဆေးရုံကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကိုတင်ထွန်းအောင် မင်္ဂလာဒုံ စစ်ဆေးရုံမှာ တက်နေစဉ် မိုင်းထိတဲ့ အထမ်းသမား ၇ဦး ရှိတယ်လို့ ကိုတင်ထွန်အောင်က ပြောပါတယ်။

သာမန်အားဖြင့် နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျသူတွေကို အထမ်းသမား ပေါ်တာအဖြစ် ပို့လေ့မရှိပေမယ့် ကိုတင်ထွန်းအောင်ကတော့ သူ့ကို ဘာကြောင့် ခုလို ခေါ်သွားတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာသူ ကိုဇာဂနာက အခုလို ပြောပါတယ်။

“ကျနော့် ဘယ်လိုပြောရမှန်း မသိအောင်ကို တော်တော် တုန်လှုပ်သွားတယ်။ အဲသလိုမျိုး ရက်ရက်စက်စက် ဖြစ်ရတဲ့ အဖြစ်အပျက် ဒါကို အားလုံး သိစေချင်တယ်။ အဲဒီတော့ ကျနော်ကတော့ လောလောဆယ် လူ့အခွင့်အရေးကော်မရှင် ဦးဝင်းမြတို့ ခေါင်းဆောင်တဲ့ အဖွဲ့ ရှိနေတဲ့ အခါကျတော့ အဲဒီကို ဒီကိစ္စမျိုး တင်ပြသင့်တယ်လို့ ကျနော်ထင်ပါတယ်”

ကိုတင်ထွန်းအောင်ဟာ ဒဂုံတက္ကသိုလ် မြန်မာစာ ဒုတိယနှစ် ကျောင်းသားဖြစ်ပြီး ၂၀၀၈ခုနှစ်က မျိုးဆက်သစ် လူငယ်များ အစည်းအရုံးနဲ့ ဆက်သွယ်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၈နှစ် အမိန့် ချခံရပြီး ပဲခူးထောင်က တစ်ဆင့် ဘားအံထောင် အဲ့ဒီကမှ ကရင်ပြည်နယ်ကို အထမ်းသမား အဖြစ် ပါသွားခဲ့တာ ဖြစ်ပါတယ်။

ကိုတင်ထွန်းအောင် ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org