စာနယ်ဇင်းလွတ်လပ်ခွင့် ပိုမိုတိုးတက်လာမည် ဟု စာပေစိစစ်ရေး ညွှန်မှူးပြော

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးနဲ့ ဓာတ်ပုံတွေကို အရင်ကလို တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ မထားတော့ဘဲ ပြည်တွင်းထုတ် သတင်းစာစောင်တွေမှာ လွတ်လပ်စွာ ဖော်ပြခွင့်ပြုနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန အကြီးအကဲက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးတင့်ဆွေကို RFA လွတ်လပ်တဲ့အာရှအသံက သီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

စာပေစိစစ်ရေးဌာန အနေနဲ့ လောလောဆယ်မှာ ၁၉၆၂ ခုနှစ် စာနယ်ဇင်းဥပဒေကို အခြေခံထားတဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ၁၂ ချက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆင်ဆာ ဖြတ်တောက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပြီ ဖြစ်တဲ့အတွက် ခေတ်နဲ့လျော်ညီအောင် စာပေစိစစ်ရေးဌာနကို မထားရှိသင့်ဘူးလို့ ထင်မြင်ယူဆကြောင်းလည်း ဦးတင့်ဆွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပတ်စဉ်ထုတ် ဂျာနယ်နဲ့ လစဉ်ထုတ် မဂ္ဂဇင်း စုစုပေါင်း ၄ ရာနီးပါး ရှိပြီး ဖျော်ဖြေရေး၊ ကျန်းမာရေး၊ နည်းပညာ၊ အားကစား စတဲ့ အကြောင်းအရာတွေ ဦစားပေး ထုတ်ဝေတဲ့ ဂျာနယ်၈၂ စောင်နဲ့ မဂ္ဂဇင်း ၉၆ စောင်ကို စာမူ ကြိုတင် ပြစရာမလိုတော့တဲ့ ပထမအုပ်စုအဖြစ် ပြီးခဲ့တဲ့ ဇွန်လက စတင် ခွင့်ပြုခဲ့ပါတယ်။ သတင်းနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ မှုခင်း စတဲ့ ကျန် ဒုတိယအုပ်စုဝင် ဂျာနယ် ၉၄ စောင်နဲ့ မဂ္ဂဇင်း ၈၆ စောင်ကိုလည်း များမကြာမီမှာ စာမူတင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့်ပေးဖို့ အစီအစဉ် ရှိကြောင်းလည်း ဦးတင့်ဆွေက ပြောသွားပါတယ်။

ညွှန်ကြားရေးမှူး ဦးတင့်ဆွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org