ရခိုင်မှာ ကိုယ်ဝန်ဆောင်တွေကို ထောက်ပံ့မယ့်ကိစ္စ ပြန်သုံးသပ်နေ
ရခိုင်ပြည်နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို လစဉ်ငွေထောက်ပံ့ပေးမယ့် အစီအစဉ်ကို ပြန်လည် သုံးသပ်နေတယ်လို့ အစိုးရအဖွဲ့ကနေ သိရပါတယ်။
-
2017-07-28 -
-
-
ရခိုင်ပြည်နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို လစဉ်ငွေထောက်ပံ့ပေးမယ့် အစီအစဉ်ကို ပြန်လည်သုံးသပ်နေ တယ်လို့ အစိုးရအဖွဲ့ကနေ သိရပါတယ်။
လက်ရှိမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို လစဉ်ငွေထောက်ပံ့ပေးမယ့် အစီအစဉ်ကို ဖျက်သိမ်းမှာ မဟုတ်ဘဲ လတ်တလော ဆိုင်းငံ့ထားတယ်လို့ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးသက်လှိုင်ထွန်း ကပြောပါတယ်။
"ဘတ်ဂျက်တောင်းခံထားတဲ့ အရေအတွက်နဲ့ ဒီမှာပေးရမယ့်အရေအတွက်က နည်းနည်းလေးကွာနေတဲ့ အတွက်ကြောင့် ဒါကိုဦးစီးဌာနက တစ်ပြည်လုံးမှာ ပရိုဂရမ်စနိုင်ဖို့အတွက် လက်ရှိအခြေအနေမှာတော့ နည်းနည်းလေး ဆိုင်းငံ့နေတဲ့အနေအထားဖြစ်နေတယ်၊ ကိုယ်တို့က ဘယ်အခြေအနေကြောင့် ဆိုင်းငံ့ထားတယ်၊ ဖျက်သိမ်းမှာတော့ မဟုတ်ဘူး၊ လိုအပ်ချက်တွေရှိနေတဲ့အတွက်ကြောင့် ဒီပရိုဂရမ်ကို ဘယ်လိုစပြီးဆောင်ရွက်လို့ ရမယ်ဆိုတာတောင် ဦးစီးဌာနကနေ စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်"
ရခိုင်ပြည်နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို လစဉ်ငွေထောက်ပံ့ပေးမယ့် အစီအစဉ်ကို အစိုးရက ပြန်လည် သုံးသပ်နေကြောင်း ပြည်နယ်အစိုးရနဲ့ ဆွေးနွေးမှုရလဒ်တွေအပေါ်အခြေခံပြီး စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေး နဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်တွေက မနေ့က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရက ကိုယ်ဝန်ဆောင်မိခင်တွေကို လစဉ်ထောက်ပံ့ပေးမယ့် အစီအစဉ်မှာ နိုင်ငံသားအဖြစ် အသိအမှတ်မပြုရသေးသူတွေပါ ပါဝင်နေတယ်ဆိုပြီး ကန့်ကွက်ပြောဆိုမှုတွေရှိနေရာမှာ အစိုးရဘက်က လည်း ပြန်လည်သုံးသပ်နေတာဖြစ်တယ်လို့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သံဃာတော်တစ်ပါးက မိန့်ပါတယ်။
စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်တွေဟာ ဇူလိုင်လ ၂ ရက်နေ့ က မောင်တောဒေသအရေးနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာပြုလုပ်ခဲ့တဲ့ ဂိုဏ်းပေါင်းစုံဆရာတော်ကြီးတွေ ၊ ဒေသခံတွေပါဝင်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေအရ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်ရှိနေတဲ့ မွတ်ဆလင် ငါးသောင်းကို မြန်မာနိုင်ငံ ကို ပြန်လည်ခေါ်ယူဖို့ အစိုးရမှာ အစီအစဉ်မရှိကြောင်း အစိုးရဘက်က ပြန်လည်လျှောက်ထားခဲ့တယ်လို့ သံဃာတော်တွေရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အစိုးရအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အဲဒီကနေမွေးဖွားလာတဲ့ အသက်နှစ်နှစ်အောက် ကလေးတွေကို လစဉ်ငွေကျပ် တစ်သောင်းခွဲစီ ထောက်ပံ့ပေးမယ့် အစီအစဉ်ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာ ပထမဆုံး စတင်အကောင်အထည်ဖော်နေတာဖြစ်ပြီး ချင်းပြည်နယ်မှာတော့ လုပ်ငန်းထက်ဝက်လောက်အထိ ပြီးစီးနေပြီလို့ သိရပါတယ်။
ဒီအစီအစဉ်မှာ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာကို ထည့်သွင်းမစဉ်းစားဘဲ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုခံယူတဲ့ ကိုယ်ဝန်သည်အားလုံးကို ပေးအပ်ဖို့ စီစဉ်တာဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးသက်လှိုင်ထွန်း ကပြောပါတယ်။