အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တတိယအကြိမ် မြန်မာခရီးစဉ်ပျက်ပြယ်

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Prak Sokhonn ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို တတိယအကြိမ်မြောက်ခရီးစဉ် မလာရောက်တော့ဘူးလို့ ကမ္ဘောဒီးယားအခြေစိုက် Khmer Times သတင်းစာက ဒီဇင်ဘာ ၆ ရက်နေ့မှာ ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကို ယူကရိန်းနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ TANG CHHIN SOTHY / AFP

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Prak Sokhonn ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို တတိယအကြိမ်မြောက်ခရီးစဉ် မလာရောက်တော့ဘူး လို့ ကမ္ဘောဒီးယားအခြေစိုက် Khmer Times သတင်းစာက ဒီဇင်ဘာ ၆ ရက်နေ့မှာ ဖော်ပြပါတယ်။

အခု ဒီဇင်ဘာလကုန်မှာ ကမ္ဘာဒီးယားနိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးတော့မှာနဲ့ ပရက်ဆော့ခွန်းအနေနဲ့ ဒီဇင်ဘာ ၁၄ ရက်က စတင်ပြီး ဘရပ်ဆဲလ်မှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံ-အီးယူး အထူးညီလာခံကို တက်ရောက်ဖို့ရှိနေတာတွေကြောင့် မြန်မာနိုင်ငံခရီးစဉ် မလာရောက်နိုင်တာလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို Khmer Times က ဖော်ပြပါတယ်။

ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် လာရောက်မှာ ဖြစ်တဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကမ္ဘောဒီးယားအခြေစိုက် The Phnom Penh Post က နိုဝင်ဘာလ ၁၈ ရက်နေ့က ဖော်ပြခဲ့တာပါ။

လေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်မှု မတိုးတက်တာနဲ့ လတ်တလော တက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို ပြစ်ဒဏ်ချမှတ်တာတွေကြောင့် ဒီခရီးစဉ် ပျက်ရတာလို့ ယူဆကြတဲ့အကြောင်း Khmer Times က ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့ကာလအတွင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံကို အခုနှစ် ဇန်နဝါရီလမှာ တစ်ကြိမ်နဲ့ ပရက်ဆော့ခွန်း က အခုနှစ် မတ်လနဲ့ ဇွန်လတွေမှာ နှစ်ကြိမ် လာရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org