တရားသူကြီးချုပ်ဖြစ်ဖွယ် ထင်ကြေးပေးခံရသူ ဒု ဗိုလ်ချုပ်ကြီးဟောင်း နုတ်ထွက်

လက်ရှိ စစ်အစိုးရရဲ့ ထိပ်ပိုင်း ကောင်စီဝင်တဦး ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်အမတ် အဖြစ်က တရားဝင် နုတ်ထွက်သွားပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာခဲ့ပါတယ်။

အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ဇန်နဝါရီ ၃၁ ရက်နေ့က ပထမဆုံး လွှတ်တော် အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ လိုက်ပါလာသော ဘတ်စ်ကားကို လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေး ရှာဖွေနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

တရားသူကြီးချုပ် ဖြစ်လာနိုင်သူရယ်လို့ ထင်ကြေးပေးခံခဲ့ရတဲ့ ဦးတင်အေးဟာ လွှတ်တော်က ပထမဆုံး နုတ်ထွက်သွားတဲ့ အမတ်ဖြစ်ပါတယ်။ သူ နုတ်ထွက်သွားတဲ့အတွက် ဒီကနေ့ လွှတ်တော် တက်ရောက်တဲ့ ကိုယ်စားလှယ်တွေအကြား တအံ့တသြ ဖြစ်ကြရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။

“ဦးတင်အေးက မသိဘူး၊ ကျွန်တော်တို့က ဘယ်လို နေရာပေးမလဲ မသိဘူး။ လောလောဆယ် ထွက်သွားတယ်ဆိုလို့ ကျွန်တော်တို့လည်း အံ့သြနေတယ်။ ပထမတုန်းကတော့ ပြောနေကြတာတော့ အမျိုးမျိုး ပြောနေကြတယ်။ သူ့ကို ဘယ်နေရာ ဘယ်နေရာ ဘယ်နေရာ ဘယ်နေရာ ဆိုပြီးတော့။ ပထမတော့ အသံတွေ ထွက်နေတာတော့ တရားသူကြီးချုပ် ဆိုပြီးတော့ အသံထွက်လာပြီးတော့။”

“အခုတော့ သူက ဒီနေ့ နုတ်ထွက်သွားတယ်။ မနေ့ကထိ တက်သေးတယ်ဗျ။ သူက ဒီမနက်ပဲ ထွက်သွားတယ် ဆိုပြီးတော့ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်က ကြေညာသွားတယ်။ အရင်တုန်းက ကျွန်တော်တို့ တက်ရောက်ခွင့် ရှိတဲ့လူ ၆၅၉ ဦးမှာ ၆၉၈ ဦးပဲ ရှိတော့တယ်တဲ့။ တဦးက ထွက်သွားတယ်၊ ဒီလိုပဲ ကြေညာသွားတယ်။ လောလောဆယ် ထွက်သွားတယ်ဆိုလို့ ကျွန်တော်တို့လည်း အံ့သြနေတယ်။”

DSA စစ်တက္ကသိုလ် အမှတ်စဉ် ၈ သင်တန်းဆင်း ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ လက်ရှိ နအဖ စစ်ကောင်စီမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ပြီးရင် ဝါအရင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။

လက်ရှိ နအဖ စစ်အစိုးရက အစိုးရသစ်ကို အာဏာ မလွှဲပြောင်းခင်မှာ ကောင်စီဝင်တဦး ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး အခုလို နုတ်ထွက်သွားတာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အရှက်ခွဲကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် လေ့လာသူတွေက ပြောပါတယ်။

မကြာခင် ပေါ်ပေါက်လာတော့မဲ့ အစိုးရသစ်မှာ သမတဖြစ်လာမဲ့ ဦးသိန်းစိန်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၉ ၊ ဒုတိယသမတ သီဟသူရ ဦးတင်အောင်မြင့်ဦးက အပတ်စဉ် ၁၂ ဖြစ်ပြီး လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အပတ်စဉ် ၁၁ ဖြစ်ပါတယ်။

အခုလို အစိုးရအဖွဲ့သစ်အတွက် ရာထူးခန့်ထားမှုတွေနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်တွေအကြား စစ်တက္ကသိုလ် သင်တန်းဆင်းတဲ့နှစ်၊ လုပ်သက် အနုအရင့် စတာတွေကို မူတည်ပြီး သဘောထား ကွဲပြားမှုတွေ ပေါ်ပေါက်နေတယ်လို့လည်း နေပြည်တော်ရုံးချုပ်နဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

အစိုးရအဖွဲ့သစ်မှာ ကာကွယ်ရေး ဦးစီးချုပ် ရာထူးအတွက် စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်ရေးကိစ္စကို ဆန့်ကျင်ခဲ့တဲ့ စစ်တက္ကသိုလ် အပတ်စဉ် ၁၈ ဆင်း ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်နဲ့ မကြာခင်ကပဲ နေအိမ်အကျယ်ချုပ် ချထားလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org