ကာချုပ်နဲ့ အရင်တွေ့မှု သံတမန်ကျင့်ဝတ် ချိုးဖေါက်ရာကျဟု ဗာတီကန် ဝန်ခံ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာပြည်ခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ မတွေ့ဆုံခင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့အတွက် Protocol နိုင်ငံတကာ သံတမန်ကျင့်ဝတ်ကို ချိုးဖေါက်ရာကျတယ်ဆိုတဲ့အချက်ကို ဗာတီကန်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ဝန်ခံလိုက်ပါတယ်။
-
2017-11-29 -
-
-
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာပြည်ခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ မတွေ့ဆုံခင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့အတွက် Protocol နိုင်ငံတကာ သံတမန်ကျင့်ဝတ်ကို ချိုးဖေါက်ရာကျတယ် ဆိုတဲ့အချက်ကို ဗာတီကန်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ဝန်ခံလိုက်ပါတယ်။
မူလအစီအစဉ်အရ ပုပ်ရဟန်းမင်းကြီးဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို နေပြည်တော်မှာ အင်္ဂါနေ့ တရားဝင်တွေ့ဆုံနှုတ်ဆက်ပြီးနောက် ဗုဒ္ဓဟူးနေ့ ကျမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီးရဲ မေတ္တာရပ်ခံချက်အရ အခုလို ခရီးရောက်မဆိုက် တနင်္လာနေ့မှာပဲ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ဗာတီကန်နန်းတော်ပြောခွင့်ရသူ Greg Burke ဂရက် ဘာ့က် က ပြောပါတယ်။
မူလအစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနှုတ်ဆက်ပြီးမှ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံမယ်ဆိုရင် သံတမန်ကျင့်ဝတ်အရ ပိုပြီးမှန်ကန်ရှင်းလင်းမှာ ဖြစ်ပါတယ်လို့လည်း သူက ပြောပါတယ်။ အခုလို နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို မတွေ့ခင် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ထက်ပိုပြီး အာဏာရှိကြောင်း ပြသရာကျတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာပြည် ကက်သလစ်ဘုရားကျောင်း ဆရာတော် Bishop John Hsane Hgyi ဂျွန် စိန်ကြီး က ရခိုင်ပြည်နယ်မှာ ထိတ်လန့်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ အခြေ အမြစ် ခိုင်ခိုင်မာမာ မရှိပါဘူးလို့ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အဲဒီပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ဝေဖန်နေကြသူတွေအနေနဲ့ ဖြစ်ပွားရာဒေသကို ကိုယ်တိုင် သွားရောက်ပြီး အဖြစ်ပျက်မှန်တွေသိရှိအောင် လေ့လာသင့်ကြောင်းလည်း သူက ပြောဆိုတယ် လို့ အေပီ သတင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာပြည်ခရီးစဉ်မှာ ပုပ်ရဟန်းမင်းကြီးက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းနဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးရတဲ့ မွတ်စလင်တွေအကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိတာနဲ့ ပတ်သက်ပြီး ဗာတီကန်ပြောခွင့်ရ Greg Burke ဂရက် ဘာ့က် က အဲဒီကိစ္စကြောင့် ပုပ်ရဟန်းမင်းကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းမရှိပါဘူးလို့ ပြောပါတယ်။ အခုခရီးစဉ်မှာ ပုပ်ရဟန်းမင်းကြီးက မပြောတဲ့အတွက် အရင်က ဒီကိစ္စနဲ့ပတ်သက်ပြီး သူပြောကြားခဲ့တဲ့စကားတွေ ကို ပယ်ဖျက်ရာလည်း မကျရောက်ပါဘူး။ လူတွေက ပုပ်ရဟန်းမင်းကြီးဟာ သိပ်ပြီး သြဇာကိတ္တမကြီးမားတယ်လို့ ယူဆကြတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ဖြေရှင်းလို့ မဖြစ်နိုင် တဲ့ ပြဿနာတွေကို ပုပ်ရဟန်းမင်းကြီးက ဖြေရှင်းပေးဖို့လည်း လူတွေက မျှော်လင့်မနေကြပါဘူးလို့ သူက ပြောပါတယ်။
ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးရဲ့ အခု ခရီးစဉ်ဟာ ပေါင်းကူးတံတားတွေ တည်ဆောက်ပေးဖို့ အပြုသဘော လာရောက်တာဖြစ်ပါတယ်လို့လည်း ဗာတီကန်ပြောခွင့်ရသူက မနေ့ကကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။