ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ခရီးစဉ် သတင်းစာရှင်းလင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲမှာ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ခရီးစဉ် သတင်းနဲ့ ပြန်ကြားရေးကော်မတီ က သတင်းမီဒီယာသမားတွေကို ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။

ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ခရီးစဉ် သတင်းစာရှင်းလင်းပွဲ ကျင်းပနေသည်ကို တွေ့ရစဉ် Photo: Thant Zin Oo/ RFA

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲမှာ စိတ်အနှောင့် အယှက်ဖြစ်အောင် မလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ခရီးစဉ် သတင်းနဲ့ ပြန်ကြားရေးကော်မတီ က သတင်းမီဒီယာသမားတွေကို ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။

မြန်မာနိုင်ငံကို နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လာရောက်မယ့် ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ရဲ့ ခရီးစဉ်လမ်းကြောင်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ရှင်းလင်းပွဲ ပြုလုပ်စဉ်မှာ သတင်းနဲ့ပြန်ကြားရေးကော်မတီက ဖာသာစိုးနိုင် က ပြောတာဖြစ်ပါတယ်။

"၂၉ ရက်နေ့မနက်မှာ ကျင်းပမှာ ပွဲလည်းမဟုတ်ဘူး၊ ပုပ်ရဟန်းမင်းကြီးက လူတွေကိုတွေ့ဆုံ ပြီးတော့ နှုတ်ဆက်တဲ့ အခမ်းအနားလည်း မဟုတ်ဘူး၊ အဲဒါ ကျနော်တို့အတွက်ဆိုလို့ရှိရင် ကက်သလစ် ဘာသာဝင်တွေအတွက် အမြင့်မားဆုံးဖြစ်တဲ့ ဆုတောင်းဝတ်ပြုခြင်း အခမ်းအနားဖြစ်တယ်၊ ဆုတောင်း ဝတ်ပြုခြင်း အခမ်းအနားဖြစ်တဲ့အတွက်ကြောင့်မို့လို့ တိတ်တိတ်ဆိတ်ဆိတ်နေရမယ့်အချိန်တွေရှိတယ်၊ လမ်းလျှောက်သွားပြီးတော့ သူများကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လို့မရဘဲနဲ့ အားလုံးက ဘုရားတရား အာရုံပြုပြီးတော့ နေကြရမယ့်အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အနှောင့်အယှက် မဖြစ်စေဖို့ ကျနော်တို့ ကြိုးစားကြရမှာဖြစ်တယ်"

ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ မြန်မာနိုင်ငံကို ရောက်ရှိစဉ်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ လူငယ်တွေနဲ့တွေ့ဆုံသွားမှာဖြစ်ပြီး နေပြည်တော် မြန်မာ ကွန်ဗင်းရှင်းစင်တာ(၂)မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မိန့်ခွန်းပြောကြား မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မနက်ဖြန်နေ့လည်ပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိ မှာဖြစ်ပြီး လေဆိပ်ကနေ အနားယူမယ့်နေရာဖြစ်တဲ့ သိမ်ဖြူလမ်းအထိ ရန်ကုန်လေဆိပ်ရှေ့နဲ့ ပြည်လမ်းပေါ် ၉ မိုင်၊ ၇ မိုင်၊ တံတားဖြူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရရှေ့နဲ့ ဗိုလ်ချုပ်လမ်းမပေါ် ဆာကူရာတာဝါရှေ့တို့မှာ နေရာ ၆ နေရာ သတ်မှတ်ကာ ကက်သလစ်ဘာသာဝင်တွေက ကြိုဆိုကြမှာဖြစ်ပါတယ်။

ဒါ့အပြင် တာမွေမြို့နယ်မှာရှိတဲ့ ကျိုက္ကစံအားကစားကွင်းမှာ တစ်နိုင်ငံလုံးက ကက်သလစ်ဘာသာဝင်တွေ နဲ့ တွေ့ဆုံပြီး ဆုတောင်းမေတ္တာပို့မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ဆောင်ပုဒ်က ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ ဘာသာမတူသူတွေကြား က မေတ္တာတရားဖြစ်တဲ့အတွက် အဲဒီအကြောင်းတွေ ဟောပြောဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

မြန်မာနိုင်ငံမှာ ရိုမန်ကက်သလစ်ဘာသာဝင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဘာသာပေါင်းစုံတွေ့ဆုံပွဲ ကျင်းပမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org