မြန်မာ့အရေး ကမ္ဘာကမေ့မထားဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း
အကြမ်းဖက် ပဋိပက္ခတွေကြောင့် သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေ ဆက်လက်ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးက မေ့မထားကြဖို့ တနင်္ဂနွေနေ့က ပန်ကြားလိုက်တာပါ။
- 2022-09-25
-
-
-
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး Francis က ဆုတောင်းပေးခဲ့ပြီး၊ မြန်မာ့အရေးကို ကမ္ဘာက မေ့မထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက် ပဋိပက္ခတွေကြောင့် သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေ ဆက်လက်ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးက မေ့မထားကြဖို့ တနင်္ဂနွေနေ့က ပန်ကြားလိုက်တာပါ။
နှစ်နှစ်နီးပါး ပြင်းထန်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကြောင့် လူအများအပြား ထိခိုက်သေကြေရ၊ နေရပ်စွန့်ရတာတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံအကြောင်းကို တွေးမိတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက Matera မြို့က တနင်္ဂနွေနေ့ ဆုတောင်းပွဲအပြီး မိန့်ကြားခဲ့ပါတယ်။
ဗုံးဒဏ်သင့်လို့ ကလေးတွေ သေကြေမှုအတွက် ဝမ်းနည်းပူဆွေးသံတွေကိုလည်း ဒီတပတ်ထဲမှာ ကြားခဲ့ရတယ်လို့ မိန့်ပါတယ်။ ကလေးငယ်တွေ ငိုကြွေးသံကို မမေ့ကြဖို့နဲ့ ဒီလိုအဖြစ်မျိုး မကြုံသင့်ဘူးလို့လည်း ပြောပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အဲဒီကျောင်းမှာ စာသင်နေကြတဲ့ ကလေးငယ် ၇ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့တာပါ။
စစ်ကောင်စီကတော့ ကလေးငယ်တွေ သေဆုံးတဲ့ တိုက်ခိုက်မှုအတွက် တာဝန်မရှိကြောင်း ငြင်းဆန်ထားပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ရှုတ်ချထားကြပါတယ်။