ပုဏ္ဏားကျွန်းက စစ်ဘေးဒုက္ခသည်တွေ အရေပြားရောဂါ ဖြစ်နေ

ပုဏ္ဏားကျွန်းမြို့နယ်က အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အရေးပြားရောဂါ ဖြစ်နေပြီး အခုဆိုရင် လူ ၇၁ ဦးအထိ ကူးစက်ခံထားရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေဟာ သြဂုတ်လ ၂၀ ရက်ကစလို့ အရေးပြားရောဂါ ဖြစ်နေပြီး အခုဆိုရင် လူ ၇၁ ဦးအထိ ကူးစက်ခံထားရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းဖို့အတွက် ဆပ်ပြာတွေကအစ အသုံးမပြုနိုင်ကြတာကြောင့် ခန္ဓာကိုယ်အနှံ့မှာ အဖုတွေ ပေါက်တာ၊ အရေပြား ယားယံတာ၊ အရေပြား ကွာကျတာတွေ ဖြစ်နေတာပါ။

အရေပြားရောဂါတွေ ဖြစ်နေပေမဲ့လည်း ဆေးကုသဖို့ ငွေကြေးမရှိတာကြောင့် အခက်အခဲဖြစ်ရတယ်လို့ အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းရဲ့ စခန်းတာဝန်ခံ ဦးအောင်မြင့်က RFA ကို ပြောပါတယ်။

“အခု ပိုဆိုးလာတယ်။ တစ်ယောက်ပြီးတစ်ယောက် ကူးစက်လာကြတော့ အခုဆိုရင် ၇၁ ဦးတောင် ရှိသွားပြီ။ ကလေးတွေရော၊ လူကြီးတွေရော ဖြစ်နေကြတာ။ အဓိက ကတော့ တစ်ကိုယ်ရေ သန့်ရှင်းဖို့ ဆပ်ပြာတွေ မသုံးနိုင်ဘူး။ ပြီးရင် ပိုက်ဆံမရှိတော့ ဆေးမကုနိုင်ဘူးလေ။ စားဖို့ သောက်ဖို့လည်း မရှိနဲ့ အတော်လေးကို အခက်အခဲဖြစ်နေပါတယ်”

အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၁၇၀၊ လူဦးရေ ကိုးရာကျော် (၉၀၄ ဦး) ခိုလှုံနေတာပါ။

နိုင်ငံတကာအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ အကူအညီတွေလည်း မရတာကြောင့် အခက်အခဲဖြစ်နေပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

မေလအတွင်းကလည်း အဲဒီဒုက္ခသည်စခန်းမှာ သောက်သုံးရေတွေ မသန့်ရှင်းတာကြောင့် ဒုက္ခသည် တစ်ရာခန့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး ဆေးမကုသနိုင်တာကြောင့် ဒုက္ခသည်သုံးဦး သေဆုံးသွားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် မြို့နယ်ရှစ်ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေပါ ရပ်ဆိုင်းသွားပါတယ်။

ဒါ့ကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ပိုပြီးရင်ဆိုင်နေကြရတာပါ။

အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ သူတို့ ထိန်းချုပ်နယ်မြေတွေက စစ်ဘေးဒုက္ခသည်တွေကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့တာတွေ လုပ်နေတယ်လို့ RFA ကို သြဂုတ်လ ၂၀ ရက်နေ့က ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org