နိုင်ငံရေးအကျဉ်းသား လွှတ်ပေးနိုင်ခြေ ရှိသေးကြောင်း အကြံပေးပုဂ္ဂိုလ် ပြောဆို

ဦးသိန်းစိန်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို နောက်တကြိမ် လွှတ်ပေးကောင်း လွှတ်ပေးလိမ့်မယ်လို့ အစိုးရ အကြံပေး အရာရှိ ဦးကိုကိုလှိုင်က မနေ့က ပြောပါတယ်။

အဲဒီလိုလွှတ်ပေးဖို့တရားဝင် ဆုံးဖြတ်ချက် ချထားတာ မရှိပေမဲ့ နောက်ထပ် လွှတ်ငြိမ်းချမ်းသာခွင့်က မကြာခင်မှာ ဖြစ်နိုင်ခြေ ရှိတယ်လို့ မိမိ ထင်မြင်မိကြောင်း၊ ဆက်ပြီး အကျဉ်းချစရာ အကြောင်းမမြင်ကြောင်း သူက ပြောပါတယ်။

လွတ်တဲ့လူတွေတောင် လွတ်နေပြီးမှ ဘာဖြစ်လို့ ထောင်ထဲမှာ ကျန်နေတဲ့သူတွေကို ဆက်ပြီး ချုပ်နှောင်ထားရမှာလဲ လို့လည်း ဦးကိုကိုလှိုင် က ပြောပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း AAPP က ဒီလ (၁၂) ရက်နေ့က လွှတ်တဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား (၂၀၀) ပါဝင်ပြီး အကျဉ်းထောင် အသီးသီးမှာ (၁၈၀၀) ကျန်ရှိနေကြောင်းနဲ့ တချို့ဆိုရင် သတ်မှတ်ထားတဲ့ ပြစ်ဒဏ် ကာလကို ကျော်လွန်နေပြီ ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ပါတယ်။

AAPP က ထုတ်ပြန်တဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ကို မြန်မာအစိုးရ အကြံပေး ဦးကိုကိုလှိုင်က ငြင်းပယ်လိုက်ပြီး AAPP ရဲ့စာရင်းဟာ ပြင်ပကနေ အချက်အလက်တွေ ကောက်ယူရတာ ဖြစ်တဲ့အတွက် မမှန်ကန်နိုင်ကြောင်း၊ နိုင်ငံရေးအရ အကျဉ်းကျ ခံနေရသူ အရေအတွက် ( ၆၀၀ ) လောက်သာ ရှိကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ အဆက်ဆက်ကနေ အခုလက်ရှိ ဦးသိန်းစိန် အစိုးရအထိ နိုင်ငံရေး အကျဉ်းသား ရှိပါတယ်ဆိုတဲ့ အချက်ကို လက်မခံကြပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org