အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများက လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆို

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရှိပဲ စစ်မှန်တဲ့ အမျိူးသားပြန်လည် သင့်မြတ်ရေး မရရှိနိုင်ဘူးလို့ အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေက မနေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman) (Photo:RFA/Tyler Chapman)

ထောင်တွင်းကနေ အစိုးရဆီကို အောက်တိုဘာ (၈) ရက်နေ့ နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့ လက်ရှိနိုင်ငံရေး အပေါ် သဘောထား အိတ်ဖွင့်ပေးစာမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးကို အားလုံးက မျှော်လင့်နေတယ်လို့ ပြည်တွင်း နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး ကွန်ယက်အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကိုစိုးအောင်က ပြောပါတယ်။

"အားလုံးကတော့ ပြည်သူတရပ်လုံးကတော့ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်ကြတယ်။ ဘာကြောင့်လဲဆိုရင် တွေ့ဆုံဆွေးနွေးရေးဆိုရင် ပြည်တွင်းစစ်တွေလည်း ရပ်ရမယ်။ တောထဲကလူတွေလည်း ခေါ်ပြီး တွေ့ရသလို လွတ်ငြိမ်းချမ်းသာခွင့် ဒီနိုင်ငံရေး အကျဉ်းသားတွေထဲမှာ ကိုပေါ်တို့လို ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်ဆိုရင် ပြည်သူတွေကတော့ မျှော်လင့်တာဘဲဗျ။"

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင့်တစ်ရာ ရှိတယ်လို့ ကိုစိုးအောင်က ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို လိုက်လံ မေးမြန်းပြီး နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အချက်အလက်တွေ အရ အခုလို စာရင်း အတိအကျ ပြုစုနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ကလည်း မကြာခင် ရက်ပိုင်း အတွင်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ နော်ဝေး ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး နဲ့တွေ့ဆုံစဉ် အတွင်း ပြောဆိုခဲ့ပါတယ်။

အင်းစိန် အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသားများရဲ့သဘောထား ကြေညာချက်မှာ သမိုင်း စာမျက်နှာသစ် ဖွင့်လှစ်နိုင်ဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား အင်အားစုတွေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရတို့ အတူတကွ တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံတယ်လို့ ဖေါ်ပြထားပါတယ်။

အင်းစိန်ထောင် နိုင်ငံရေး အကျဉ်းသားများရဲ့သဘောထား ကြေညာချက်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကွန်ယက်အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကိုစိုးအောင်ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းခဲ့ ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org