ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာ တိုက်ပွဲကြောင့် လူထောင်ချီထွက်ပြေးနေရ

အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်ကြား တိုက်ပွဲတွေပြင်ထန်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခများအား ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ Kayan Rescue Committee –KRC

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်အစပ်မှာ အောက်တိုဘာနောက်ဆုံးပတ်အတွင်း စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဒေသခံထောင်ကျော် ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အကြား နမ်းဖာမူ၊ လင်ခံ၊ ကုန်းပေါ၊ ဗန်းမောက်၊ လဲလောင်း၊ ပင်စုံ၊ လွိုင်ကြိုင်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတာပါ။

အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ပင်လောင်း-ဖယ်ခုံနယ်စပ်မှာရှိတဲ့ ရွာတွေမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်ပေါ့နော်။ စစ်ကောင်စီက အဲဒီကျေးရွာတွေမှာရှိတဲ့ နေအိမ်တချို့တွေကို မီးရှို့နေပါတယ်”

တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ကူညီထောက်ပံ့ပေးနိုင်ဖို့ ခက်ခဲနေပြီး ဆောင်းရာသီအကူးအပြောင်းကာလဖြစ်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေအတွက် နေစရာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၂၀၂၄ ခုနှစ် မေလကတည်းက စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား တိုက်ပွဲဖြစ်နေတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org