ရောဂါဆန်းကြောင့် ဝက်များ သေဆုံးမှု ပိုမိုတိုးပွား

ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့နယ်မှာ ဝက်နားရွက်ပြာ ရောဂါလို့ ယူဆရတဲ့ ကူးစက်ရောဂါ တမျိုးကြောင့် ဝက်တွေ သေဆုံးမှု ပိုမို တိုးပွားလာနေပြီး၊ ဒီကိစ္စကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက် ဖြေရှင်းပေးတာ မရှိဘူးလို့ သိရပါတယ်။

မွေးမြူရေးခြံ တခုမှ ဝက်များ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ဒီသတင်းနဲ့ ပတ်သက်လို့ RFA က ထုတ်ပြန်ခဲ့ရာမှာ ဖော်ပြခဲ့တဲ့ ဝက်သေဆုံးမှုထက် အဲဒီနောက်ပိုင်း ဒီနေ့အထိ သေဆုံးမှုဟာ ၃ ဆလောက် ပိုတိုးနေပြီလို့ သိရပါတယ်။

မြို့နယ်အာဏာပိုင်တွေကတော့ အခြား ကိစ္စမျိုးတွေဆိုရင် လိုက်လံ ကြေညာတာတွေ ရှိခဲ့ပြီး အခု ဝက်တွေ ရောဂါကူးစက်ပြီး သေဆုံးနေတဲ့ ကိစ္စမှာတော့ အသိပေးတာ၊ ကူညီတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ နတ္တလင်းမြို့က ဝက်မွေးမြူရေးလုပ်ငန်းရှင် ဦးလှဦးက အခုလိုပြောပါတယ်။

“ကျွန်တော်ဆိုရင် ဝက်ခြံမှာ အခု အကောင် ၅၀ ကျော်၊ အခု ဟိုဟာ ၁၈ ကောင်ပဲ ရှိတော့တယ်။ ၃၀ လောက်က သေသွားပြီ။ ၃၁ ကောင် သေလို့ မြှုပ်ပြီး ခုပဲ မြှုပ်ပြီး ခဏ ပြန်လာတုန်း ရှိသေးတယ်။ တချို့နေရာမှာဆို ရောဂါကူးလို့ ခွေးတောင်မှ သေတယ် ပြောနေကြပြီ။ အမှန်ဆိုရင်တော့ပေါ့ဗျာ၊ ကိစ္စဝိစ္စ ရှိတယ်ဆို အရင် သူတို့ အသံချဲ့စက်နဲ့ ဘာနဲ့ ဒီလိုပဲ တမြို့လုံးလိုက် အော်တာပေါ့။ ထုံးစံရှိတာ။ ဒီဥစ္စာဆိုလည်း အမှန် မြို့နယ်ကို အသိပေးဖို့တော့ ကောင်းတာပေါ့။ ကျွန်တော်တို့ ကြောက်တာက ဝက်တွေ ခွေးတွေကတဆင့် တခါ လူတွေကို ကူးလာရင် ဘယ်လိုလုပ်မလဲ။ တာဝန်ရှိသူတွေက ကြပ်ကြပ်မတ်မတ်နဲ့ တခါတည်း ကျင်းနက်နက် တူးမြှုပ်တာတို့ ဒါမျိုးတွေ ဖြစ်စေချင်တာပေါ့။”

အခုဆိုရင် နတ္တလင်းမြို့မှာ ဝက်သေဆုံးမှုနှုန်း များပြားနေသလို၊ အဲဒီ ဝက်သေတွေကို စနစ်တကျ မီးရှို့တာ၊ မြေမြှုပ်တာမျိုး မရှိပဲ အနံ့အသက်တွေပါ ဆိုးဆိုးဝါးဝါး ဖြစ်နေပြီလို့ ပြောပါတယ်။ ဒါ့အပြင် ဝက် မွေးမြူရေးသမားတွေမှာလည်း ဝက်အတွက် ဆေးဖိုး ကုန်ပေမဲ့ သက်သာ ပျောက်ကင်းမှု မရှိလို့ စီးပွားရေးအရ များစွာ ဆုံးရှုံးနေကြပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org